
အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ချာတီစ်ဂါးပြည်နယ်ရှိ ဓာတ်အားပေးစက်ရုံတရုံမှာ ဧပြီ ၁၄ ရက်က ပေါက်ကွဲခဲ့လို့ လူ ၉ ယောက်ထက်မနည်း သေဆုံးပြီး လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ဆတ်တီခရိုင်ရှိ စက်ရုံမှာ ဘွိုင်လာပြွန်ပေါက်ကွဲမှုကြောင့်လို့ ယူဆရတဲ့ ပေါက်ကွဲမှုကြောင့် လူအတော်များများ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေကို အနားက ရိုင်ဂါခရိုင်မှာရှိတဲ့ ဆေးရုံဆီ ပို့ဆောင် ကုသပေးခဲ့ပါတယ်။
အပြင်းအထန် ဒဏ်ရာရသူ ၅ ယောက် ထက်မနည်းသေဆုံးပြီး ၁၂ ယောက်ကနေ ၁၃ ယောက်အထိ ဆေးကုသမှုခံယူနေရတယ်လို့ ရိုင်ဂါခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး မာဟက်ရှ်ရှာမာက ပြောပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ သေဆုံးသူဦးရေ ၉ ယောက်အထိ မြင့်တက်လာတယ်လို့ ခရိုင်ရဲအရာရှိတယောက်က ကြေညာချက်ထုတ်ပြန် အတည်ပြုခဲ့ပါတယ်။
Source: Reuters











