DVB Logo
Home
မြန်မာသတင်း
ပြည်ပ​ချေး​ငွေ​ စနစ်တကျ စိစစ်သုံးသပ်ပြီးယူရန် စစ်​ကောင်စီ၏သြဇာခံ ဗဟိုဘဏ် တာဝန်ရှိပြော
DVB
·
June 29, 2021
ပြည်ပ​ချေး​ငွေ​ စနစ်တကျ စိစစ်သုံးသပ်ပြီးယူရန် စစ်​ကောင်စီ၏သြဇာခံ ဗဟိုဘဏ် တာဝန်ရှိပြော
Donate to DVB

ပြည်ပ​ချေး​ငွေ​ယူရာမှာ နိုင်ငံ​တော်အတွက် ဆုံးရူံးနစ်နာမှု ​​လျော့နည်း​အောင် စနစ်တကျစိစစ် သုံးသပ်ပြီးမှယူဖို့ စစ်​ကောင်စီရဲ့ သြဇာခံ မြန်မာနိုင်ငံ​တော်ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ  ဦးဝင်း​သော်က ​ပြောဆိုလိုက်ပါတယ်။

ဇွန် ၂၉ ရက်​နေ့ထုတ် စစ်​ကောင်စီရဲ့ ဝါဒဖြန့် နိုင်ငံပိုင်သတင်းစာမှာ ​ဖော်ပြတဲ့ "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခြင်းနှင့် ပြည်ပ​ချေး​​ငွေများအား စိစစ်သုံးသပ်ခြင်း" ဆိုတဲ့ ​ဆောင်းပါးက​နေတဆင့် ဦး၀င်း​သော်က အခုလို​​​ရေးသားပြောဆိုလိုက်တာပါ။

အစိုးရဝန်ကြီးဌာန​တွေရဲ့ ဖွံ့ဖြိုး​ရေးလုပ်ငန်း​​တွေအတွက် ပြည်ပ​​က​နေ နှစ်ရှည်​​ချေး​ငွေနဲ့ အတိုးမဲ့​ချေးငှားသည်ဖြစ်​စေ၊ ရင်းနှီးမြှပ်နှံမူအကူအညီ​ပေးသည်ဖြစ်​စေ ရာခိုင်နှုန်းအများစုက ​ငွေသားမ​ပေးဘဲ ပစ္စည်းကိုပဲ ယူရ​တာဖြစ်လို့ ဒီပစ္စည်းတွေကို နိုင်ငံ​တော်နဲ့ အဖွဲ့အစည်း​​တွေက လက်ခံရယူရာမှာ မှန်ကန်တဲ့တန်ဖိုးဖြစ်​စေ​ဖို့၊ စံချိန်မီတဲ့ အ​ရည်အ​သွေးရှိ​စေ​ဖို့နဲ့ နိုင်ငံ​တော်အတွက် နစ်နာဆုံးရှုံးမှုမဖြစ်​စေ​ဖို့ စတဲ့အချက်​တွေကို အလေးထားစဥ်းစားဆုံးဖြတ်​စေလို​တယ်လို့ ဦး၀င်း​သော်က ဆိုပါတယ်။

ပစ္စည်းကိုသာယူရပြီး ပြန်လည်​ပေးဆပ်ချိန်မှာ နိုင်ငံခြား​ငွေနဲ့ ​ပေး​ချေရတာ​ကြောင့် တန်ရာတန်​ကြေးမဖြစ်ပါက ဆုံးရှုံးနစ်နာနိုင်​ပြီး project ပြီးဆုံးချိန်မှာ ပစ္စည်းလက်ကျန်က သုံးမရတဲ့ အ​ခြေအ​နေဖြစ်တတ်ပြီး နိုင်ငံရဲ့ သယံဇာတ​တွေ ​လျော့ပါးဆုံးရှုံးခြင်းသာ အဖတ်တင်နိုင်​တယ်လို့ ဆိုပါတယ်။

အစိုးရကဏ္ဍမှာ စီမံကိန်းနှင့် ဘဏာ​ရေးဝန်ကြီးနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာန​တွေရဲ့ သ​ဘောတူညီချက်နဲ့ ပြည်ပ​​ချေး​ငွေ​တွေ ရယူပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ရရှိ​အောင်​ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ​ပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ကမ္ဘာ့ဘဏ်နဲ့ ​အေဒီဘီဘဏ်တို့လို နိုင်ငံတကာဖွံ့ဖြိုး​ရေးဘဏ်​တွေက မြန်မာနိုင်ငံကို​ပေး​နေတဲ့ ဖွံ့ဖြိုး​ရေးအ​ထောက်အပံ့​တွေကို ထိန်းချုပ်လိုက်ကြပြီး၊ ဂျပန်အစိုးရကလည်း  ODA ဖွံ့ဖြိုး​ရေးအကူအညီ​​တွေကို ဆိုင်းငံ့ထားဖို့ သုံးသပ်​နေပါတယ်။

အရင်က​တော့ မြန်မာနိုင်ငံဟာ ​ဖွံ့ဖြိုး​ရေးစီမံကိန်း​တွေအတွက် ဂျပန်၊ ​အေဒီဘီနဲ့ ကမ္ဘာ့ဘဏ်တို့က​နေ အတိုးနှုန်းသက်သာတဲ့ နှစ်ရှည်​ချေး​ငွေ​တွေကို တိုးမြှင့်ရယူ​ဆောင်ရွက်​ခဲ့ပါတယ်။

အခုအခါမှာတော့ စစ်​ကောင်စီအ​နေနဲ့ အဲဒီအတိုးနှုန်းနည်းတဲ့ ဖွံ့ဖြိုး​ရေးအကူအညီ မရနိုင်တဲ့အခါ နိုင်ငံရဲ့ ဘဏ္ဍာငွေ လိုအပ်ချက်အတွက် အတိုးနှုန်းများတဲ့ တရုတ်​​ချေး​ငွေကို ရယူ​ဆောင်ရွက်မှာကို​တော့ ဘဏ္ဍာရေးကျွမ်းကျင်သူ​​တွေ စိုးရိမ်​နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013