DVB Logo
Home
မြန်မာသတင်း
SSPP ရှမ်းလက်နက်ကိုင်အဖွဲ့အား ဆန္ဒပြစဉ် ဗုံးပေါက်ကွဲမှုဖြစ်၊ ၁ ဦးသေဆုံး ၅ ဦး ဒဏ်ရာရ
DVB
·
June 28, 2021
SSPP ရှမ်းလက်နက်ကိုင်အဖွဲ့အား ဆန္ဒပြစဉ် ဗုံးပေါက်ကွဲမှုဖြစ်၊ ၁ ဦးသေဆုံး ၅ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ထဲမှာ ဒီကနေ့ နေ့ခင်းပိုင်းက ပြည်သူတွေက SSPP ရှမ်းလက်နက်ကိုင်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြနေစဉ် ဗုံးပေါက်ကွဲမှု အနည်းဆုံး ၃ ကြိမ်ခန့် ဖြစ်ပွားပြီး အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး ဒဏ်ရာပြင်းစွာ ရရှိခဲ့ပါတယ်။ 

နမ့်ခမ်းမြို့ မန့်ဆွမ်းကျေးရွာက ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် ၁ ဦးကို SSPP လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားပြီး သူတို့လက်ထဲ သေဆုံးသွားတဲ့အပေါ်မကျေနပ်လို့ ဒေသခံတွေဟာ မနေ့ညက မန့်ဆွမ်းရွာမှာ တစ်ကြိမ်ဆန္ဒပြခဲ့ပြီး ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်မှာလည်း လူအင်အား ၁၀၀၀ ကျော်နဲ့ နမ့်ခမ်းမြို့လယ်ကောင် ပြည်ထောင်စုလမ်းမကြီးပေါ်  ချီတက်ဆန္ဒပြလာခဲ့ကြပါတယ်။ 

ဆန္ဒပြစစ်ကြောင်းဟာ နမ့်ခမ်းဈေးကြီးနား ရောက်ခါနီးမှာတော့ အရှေ့မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရတယ်လို့ ဆန္ဒပြတဲ့ထဲပါဝင်သူ ပြည်သူ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ပေါက်ကွဲတာက ကျနော်တို့ရှေ့နားလေးတင် ပေ ၂၀ - ၃၀ လောက်အကွာ ဈေးထောင့်မှာ ဖြစ်သွားတာပါခင်ဗျ။ ကျနော်တို့က အနောက်ဘက်လောက်မှာဆိုတော့ ဖြစ်စဉ်ကို မတွေ့ဘူး။ ပေါက်ကွဲသံတော့ ၆ ခါလောက် ကြားရတယ်။ အဲဒီလိုဖြစ်တော့ ဆန္ဒပြတဲ့လူစုလည်း ကွဲသွားတယ်။ အဲဒီနားက လူတွေ မေးကြည့်တာတော့ ဗုံးခွဲတဲ့လူက ၄ ယောက်ရှိတယ်။ ဆိုင်ကယ် ၂ စီးနဲ့ လာတယ်။ ဆိုင်ကယ်ပေါ်ကနေ ပစ်ချတဲ့သဘော၊ ဒါပေမဲ့ ၁ စီးက သူတို့လည်းဗုံးထိပြီး ၁ ယောက်သေ ၁ ယောက်ဒဏ်ရာပြင်းတယ်၊ တချို့လည်း ၂ ယောက်လုံး သေတယ်လို့ပြောတယ်။ ဘာလို့လဲဆိုတဲ့ အဲဒီ ၂ ယောက်မှာ သေနတ်ပါတယ်၊ မပေါက်သေးတဲ့ဗုံးလည်း ပါတယ်တဲ့၊ သူတို့ကို စစ်တပ်က လာသယ်သွားတော့ နောက်ဆက်တွဲမသိရဘူး။”

ဒါ့အပြင် အဆိုပါပေါက်ကွဲမှုကြောင့် ဈေးရှေ့မှာ ရွှေရင်အေး ရောင်းနေတဲ့ မိန်းကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရသွားသလို ဈေးနဲ့ တပြလောက်သာကွာဝေးတဲ့ မြို့လယ်ဘုရားနားမှာလည်း Vigo  အဖြူရောင်ကား ၁ စီးပေါ်ကနေ  ဗုံးပစ်ချသွားလို့ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးမှာ ခြေထောက်တစ်ဖက် ပြတ်သွားတယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာရ အရပ်သားပြည်သူတွေကို ပရဟိတလူမှုကူညီရေးအဖွဲ့က ဆေးရုံကို ပို့ပေးပြီး ဆိုင်ကယ်စီး လက်နက်ကိုင် ၂ ဦးကိုတော့ စစ်တပ်နဲ့ ရဲတွေ လာသယ်သွားတယ်လို့ ဆိုပါတယ်။ 

ဖောက်ခွဲမှု ကျူးလွန်သူတွေဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာတော့ မသိရဘဲ ဒေသခံ တချို့ကတော့ SSPP အဖွဲ့ကပဲ ဖြစ်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ 

မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်ထဲမှာ ခုရက်ပိုင်းအတွင်း SSPP/SSA ဘက်က လူသစ် စုဆောင်းတာ၊ RCSS အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးမှုတွေရှိနေရာက အဖမ်းခံရသူ လူငယ်ခေါင်းဆောင် ၁ ဦး သေဆုံးသွားတာတွေကြောင့် ပြည်သူတွေကြား မကျေနပ်မှုတွေ မြင့်တက်နေပြီး ခုလို လမ်းပေါ်ထွက် ဆန္ဒပြတဲ့ထိဖြစ်လာရတယ်လို့ ဒေသခံတွေက ပြောသွားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013