DVB Logo
Home
မြန်မာသတင်း
SSPP ဖမ်းသွားသည့် နမ့်ခမ်းရှမ်းလူငယ်အဖွဲ့ဒုဥက္ကဋ္ဌ သေဆုံး၊ အလောင်းပြန်ရရေး တောင်းဆို ဆန္ဒပြ
DVB
·
June 28, 2021
SSPP ဖမ်းသွားသည့် နမ့်ခမ်းရှမ်းလူငယ်အဖွဲ့ဒုဥက္ကဋ္ဌ သေဆုံး၊ အလောင်းပြန်ရရေး တောင်းဆို ဆန္ဒပြ
Donate to DVB

SSPP တပ်ဖွဲ့က ဖမ်းသွားတဲ့ နမ့်ခမ်းရှမ်းလူငယ်အဖွဲ့ဒုဥက္ကဋ္ဌ သေဆုံးသွားပြီး အလောင်းပြန်ရရေးအတွက် မိသားစုဝင်တွေနဲ့ရွာသားတွေက တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ထဲမှာ SSPP/SSA ရှမ်းပြည်တပ်မတော်က တစ်လနီးပါး ဖမ်းဆီးထားတဲ့ နမ့်ခမ်းရှမ်းလူငယ်အဖွဲ့ ဒုဥက္ကဋ္ဌ စိုင်းဆန်ခမ်းအိုက်ဟာ ဇွန် ၂၆ ရက်နေ့က သွေးတိုးရောဂါနဲ့ သေဆုံးသွားတယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းက မိသားစုထံ  ဇွန်လ ၂၇ ရက်မှာ အကြောင်းကြားလာပါတယ်။ 

ဒါပေမဲ့ စိုင်းဆန်ခမ်း အိုက်သေဆုံးတာကို မိသားစုဝင်တွေက မတွေ့မမြင်ရလို့ သွေးတိုးရောဂါနဲ့ဆုံးတယ်ဆိုတာကို လက်မခံနိုင်တဲ့အပြင် သူ့အလောင်းကို ထုံးတမ်းစဉ်လာအရ ကောင်းမွန်စွာ ပြုစုသင်္ဂြိုဟ်ပေးလိုတဲ့အတွက် မိသားစုဝင်နဲ့ ရွာသား ၂၀၀ ကျော်လောက်ဟာ ဇွန် ၂၇ ရက် ည ၇ နာရီက နမ့်ခမ်းမြို့ မန့်ဆွမ်းရွာရှိ SSPP အဖွဲ့ဝင်တွေ လာရောက်တည်းခိုနေတဲ့ အိမ်ကိုသွားရောက်ပြီး အလောင်းပြန်ရဖို့ ဆန္ဒပြတောင်းဆိုခဲ့တယ်လို့  မန့်ဆွမ်းရွာသား တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သူ့ကိုဖမ်းသွားတာက မေလ ၃၁ ရက်နေ့ကပါ။ RCSS/SSA နဲ့ ပတ်သက်တယ်လို့ပြောပြီး ခေါ်သွားတာ၊ အမှန်က သူက RCSS အဖွဲ့ဝင်မဟုတ်ဘူးဆိုတာကို ရွာသူကြီးရော ရွာသားတွေရော လက်မှတ်ထိုးပြီး ထောက်ခံထားတယ်၊ သက်သေမရှိဘဲ ဖမ်းခေါ်သွားလို့ မိသားစုတွေက မကျေနပ်ဘူးပေါ့နော်၊ ပြီးတော့ တရားရုံးမှာ စစ်မယ်ပြောပြီး ခုလို သေဆုံးသွားရတဲ့အပေါ်မှာ တာဝန်ရှိသူကို စုံစမ်းစစ်ဆေးဖို့ တရားမျှတမှုရှိဖို့လည်း တောင်းဆိုတယ်။”

ဒါ့အပြင် နောက်ကို ခုခံနိုင်စွမ်းမရှိတဲ့ ရွာသားတွေကို အနိုင်မကျင့်ဖို့၊ ရွာသားတွေကို သံသယရှိရုံနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေမလုပ်ဖို့ တောင်းဆိုချက်တွေကို တာဝန်ရှိသူတွေဆီ စာနဲ့လည်း အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ ရွာသားတွေ သွားရောက်ဆန္ဒပြတဲ့အခါ နယ်မြေခံ SSPP တာဝန်ရှိသူကို မတွေ့ရဘဲ လက်အောက်တပ်ဖွဲ့ဝင် ၁၀ ဦးခန့်သာတွေ့ရပြီး သူတို့က အော်ဟစ်ငေါက်ငမ်းလိုက်တဲ့အပြင် သေနတ်နဲ့ပစ်ဖောက် ခြိမ်းခြောက်ခဲ့လို့ ရွာသားတွေ ပြန်လှည့်လာခဲ့ရတယ်လို့ ပြောပါတယ်။ 

သေဆုံးသူ စိုင်းဆန်ခမ်းအိုက်မှာ အသက် ၅၀ လောက်ရှိပြီး ရပ်ရေးရွာရေးမှာ တက်ကြွစွာ ပါဝင်ကူညီလေ့ရှိသူဖြစ်ကြောင်း၊ ယခင်က မန့်ဆွမ်းရွာသူကြီးဟောင်းဖြစ်ခဲ့ဖူးပြီး လက်ရှိ နမ့်ခမ်း ရှမ်းလူငယ်အဖွဲ့ TYO ဒုဥက္ကဋ္ဌနဲ့ လွိုင်ဟိုဆေဒေသ လူငယ်ခေါင်းဆောင်ဖြစ်ကာ ဇနီးနဲ့ ကလေး ၃ ယောက်ကျန်ရစ်ပါတယ်။ 

မူဆယ်နမ့်ခမ်းဒေသမှာ ဒီလထဲ SSPP တပ်ဖွဲ့က ရွာသားတွေကို ဖမ်းဆီးမှုတွေရှိနေကြောင်း၊ ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကလည်း ကွန်လုံရွာသား ၂ ယောက်နဲ့ နောင်ဟင်ရွာသား ၂ ယောက် ထပ်မံအဖမ်းခံရပြီး ဘာကြောင့်ဖမ်းသွားလဲဆိုတာတော့ မသိရသေးဘူးလို့ နမ့်ခမ်းဒေသခံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013