DVB Logo
Home
မြန်မာသတင်း
ဖူးကက်တွင် အလုပ်သမားတန်းလျား မီးလောင်၊ မြန်မာလုပ်သား ၄၀၀ ခန့် အကူအညီလိုအပ်
DVB
·
June 5, 2026
Photo: ဖူးခက် ဘန်ထောင် ပရဟိတအဖွဲ့ ကိုဇာနည်
Photo: ဖူးခက် ဘန်ထောင် ပရဟိတအဖွဲ့ ကိုဇာနည်
Donate to DVB

ထိုင်းတောင်ပိုင်း၊ ဖူးကက်ခရိုင်၊ ထလန်မြို့၊ ဆီဆွန်ထောင်းန်အုပ်စု၊ ဘန်ဂျိုးရပ်ကွက်ထဲမှာ ဇွန် ၄ ရက် မနေ့ည သန်းခေါင်ယံလောက်က မီးလောင်မှုဖြစ်ပွားပြီး မြန်မာလုပ်သား အယောက် ၄၀၀ လောက် စားနပ်ရိက္ခာနဲ့ နေရေးထိုင်ရေးကိစ္စ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

ဘန်ဂျိုးရပ်ကွက် DCM ဆောက်လုပ်ရေးအလုပ်သမားတန်းလျား မီးလောင်ပြာကျသွားတာဖြစ်ပြီး မြန်မာလုပ်သားအများစုဖြစ်တဲ့ လူပေါင်း ၄၀၀ လောက် နေစရာမရှိတော့ဘဲ ထလန်မြို့၊ ဘန်ဂျိုးရပ်၊  ချွန်းထာ့လေး (Wat Choeng Thale) ဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံနေရတယ်လို့ ဖူးကက် ဘန်ထောင် ပရဟိတအဖွဲ့မှ မြန်မာတယောက်က ဖေ့စ်ဘွတ်ခ်လိုက်ဖ်လွှင့် ပြောကြားပါတယ်။

မီးဘေးသင့် အလုပ်သမားတွေဟာ လောလောဆယ် စားရေးသောက်ရေးနဲ့ အိပ်စရာ ဖျာ၊ စောင် စတဲ့ အခင်းတွေ အရေးပေါ်လိုအပ်နေတယ်။ သူတို့မှာ ချက်စားစရာ အိုးခွက်ပန်းကန်တွေလည်း မရှိတော့တာကြောင့် အသင့်စားထမင်းထုပ်တွေသာ အဆင်ပြေလိမ့်မယ်။ ဖူးကက်ရောက် စေတနာရှင်တွေ အနေနဲ့ မာနစ်ရတနာ မြန်မာစားသောက်ဆိုင်မှာ လာရောက်ကူညီနိုင်သလို ပရဟိတအဖွဲ့ ဘဏ်အကောင့်ကနေလည်း ငွေတွေ လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

မနေ့ည မီးလောင်စဉ် အလန့်တကြား ထွက်ပြေးရလို့ ဘာမှမသယ်နိုင်၊ တချို့မှာ ဖိနပ်မပါဘဲ ပြေးခဲ့ရတယ်၊ မီးဘေးရှောင်တဲ့ထဲမှာ ကလေးငယ် ၇ ယောက်လည်း ပါရှိတာကြောင့် လူကြီးအဝတ်အစားအပြင် ကလေးအဝတ် အသုံးအဆောင်တွေပါ လိုအပ်တယ်လို့ ဆိုပါတယ်။

ဖူးကက်ဒေသတွင်း ထိုင်းသတင်းမှာလည်း အဆိုပါ အလုပ်သမားတန်းလျားဟာ မနေ့ည သန်းခေါင်နီးပါးချိန်မှာ မီးလောင်ခဲ့ပြီး မြို့နယ်နဲ့ ရပ်ကွက် မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၁၀ စီးနဲ့ အချိန် ၁ နာရီခန့်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်၊ တာဝန်ရှိသူတွေက ဝိုင်ယာရှော့ကြောင့်လို့  ကနဦး သုံးသပ်ထားတယ်လို့ ဖော်ပြပါတယ်။

အလုပ်သမားတန်းလျားဟာ ၂ ထပ်ဆောင် ၆ ဆောင်၊ အခန်းပေါင်း ၂၆၈ ခန်းရှိပြီး လူဦးရေ ၃၅၀ ခန့် နေထိုင်တယ်၊ ဧကဝက်နီးပါးလောက်ရှိတဲ့ ဧရိယာထဲက အဆောက်အအုံအားလုံးနီးပါး မီးလောင်ပျက်စီးခဲ့တာကြောင့် ထိုင်းနဲ့ မြန်မာအလုပ်သမား ၃၅၀ လောက် မီးဘေးသင့်ခဲ့တယ်၊ သေဆုံးသူမရှိဘဲ  ဒဏ်ရာရသူ ၃ ယောက်ကိုတော့ သက်ဆိုင်ရာက ဆေးဝါးကုသပေးထားတယ်လို့ ဆိုပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုစာရင်းကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

လူမှုကွန်ရက်မှာတော့ မြန်မာလုပ်သားတွေ စုဆောင်းထားတဲ့ ရွှေစတွေ၊ ငွေတွေ အမြောက်အမြား မီးထဲပါသွားတယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

Source: ဖူးကက် ပြန်ကြားရေးဌာန၊ MGROnline / Phuket News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013