DVB Logo
Home
နိုင်ငံတကာ
တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး သတ္တုသိုက် ၁၄ ခု တွေ့ရှိ 
DVB
·
April 30, 2026
Photo: Reuters
Photo: Reuters
Donate to DVB

တရုတ်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး သတ္တုသိုက် ၁၄ ခုကို ပိုင်ဆိုင်ထားပြီး အဲဒီထဲမှာ မြေရှားသတ္တု၊ တွန်စတန်၊ ခဲမဖြူ၊ မိုလစ်ဒီနမ်၊ အင်တီမိုနီ၊ ဂယ်လီယမ်၊ ဂျာမေနီယမ်၊ အင်ဒီယမ်၊ ဖလိုရိုက်နဲ့ ဂရပ်ဖိုက်တို့ ပါဝင်တယ်လို့  နောက်ဆုံးထုတ် သတ္တုအရင်းအမြစ် ဒေတာအချက်အလက်တွေကို ကိုးကားပြီး ဧပြီ ၂၉ ရက်က ပေကျင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သဘာဝသယံဇာတဝန်ကြီးဌာနမှ အရာရှိတွေက ပြောပါတယ်။ 

၂၀၂၁ ခုနှစ်ကစပြီး မဟာဗျူဟာမြောက် သတ္တုရှာဖွေရေး လုပ်ငန်းစဉ်အသစ်တွေကို စတင်ခဲ့ရာမှာ သယံဇာတ အရန်သိုလှောင်မှု သိသိသာသာ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေ အပါအဝင် မဟာဗျူဟာမြောက် သတ္တုသိုက် အလတ်စားနဲ့ အကြီးစား အသစ်ပေါင်း ၃၉၈ ခုကိုရှာဖွေတွေ့ရှိခဲ့တာပါ။

ကြေးနီ၊ ရွှေနဲ့ ပိုတက်ရှ်လိုမျိုး အဓိကသတ္တုတွေ ရှာဖွေရေးမှာ သမိုင်းဝင် အောင်မြင်မှုတွေ ရခဲ့သလို၊ လစ်သီယမ်၊ ဟီလီယမ်နဲ့ သန့်စင်မှုမြင့်မားတဲ့ ကျောက်သလင်း လိုမျိုး မဟာဗျူဟာမြောက် ပေါ်ထွက်လာတဲ့ သတ္တုတွေမှာလည်း အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။

ဒီအောင်မြင်မှုတွေကြောင့် တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်သယံဇာတအရင်းအမြစ် လုံခြုံစိတ်ချရမှုကို သိသိသာသာ အားကောင်းစေခဲ့ပါတယ်။ 

“တွင်းထွက်သယံဇာတ အရင်းအမြစ်တွေ အခုလို သိသိသာသာ တိုးလာတာဟာ မဟာဗျူဟာမြောက် သတ္တုရှာဖွေရေး လုပ်ငန်းစဉ်အောက်မှာ ရှားပါးသတ္တုတွေနဲ့ အားသာချက်ရှိတဲ့ သတ္တုတွေကို စနစ်တကျ ရှာဖွေ မြှင့်တင်ခဲ့တာကြောင့်ဖြစ်ပြီး ဒါဟာ ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ သယံဇာတလုံခြုံမှုအတွက် ခိုင်မာတဲ့ အုတ်မြစ် ဖြစ်စေပါတယ်” လို့ သဘာဝသယံဇာတဝန်ကြီးဌာန၊ ဘူမိဗေဒရှာဖွေရေးနှင့် စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ရှောင်းဇီးလီ က ပြောပါတယ်။ 

၂၀၂၅ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ သတ္တုတွင်းလုပ်ငန်း ထုတ်လုပ်မှုတန်ဖိုးဟာ ယွမ် ၃၂ ဒသမ ၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၇ ထရီလီယံလောက်) အထိ ရှိခဲ့ပြီး နိုင်ငံ GDP ရဲ့ ၂၃ ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံဟာ သတ္တုထုတ်လုပ်မှု၊ အရည်ကျိုမှုနဲ့ ပြုပြင်မွမ်းမံမှုတို့မှာ ကမ္ဘာ့အကြီးဆုံး နိုင်ငံအဖြစ် ရပ်တည်နေတာကို ပြသနေပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ်အတွင်း ကျောက်မီးသွေး၊ ဗန်နေဒီယမ်၊ တိုက်တေနီယမ်၊ ဇင့်၊ မြေရှားသတ္တု၊ တန်စတင်၊ ခဲမဖြူ၊ မိုလစ်ဒီနမ်၊ အင်တီမိုနီ၊ ဂယ်လီယမ်၊ အင်ဒီယမ်၊ ရွှေနဲ့ တယ်လူရီယမ် အပါအဝင် တွင်းထွက်သယံဇာတ ၁၇ မျိုး ထုတ်လုပ်မှုမှာလည်း တရုတ်နိုင်ငံက ကမ္ဘာ့နံပါတ်တစ် အဆင့်မှာ ရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013