
ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်မြို့နယ်၊ ပုတီးကုန်းမြို့က လူငယ် ၃ ဦးကို ဇွန် ၂၃ ရက် ည ၁၀ နာရီလောက်က နေအိမ်တွေမှာ အကြမ်းဖက်စစ်ကောင်စီဝင်တွေက လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"သဲကုန်း PDF က Post တစ်ခုကို Share လိုက်လို့ ဖမ်းတယ်လို့တော့ ကြားတယ်။ အခုလောလောဆယ်တော့ ပုတီးကုန်းရဲစခန်းမှာပဲ စစ်ဆေးနေတယ်။ ရိုက်တာနှက်တာတော့ မရှိပါဘူး၊ အေးအေးဆေးဆေး စစ်ဆေးမေးမြန်းနေတာပါ" လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားတဲ့လူငယ်တွေဟာ အသက် ၂၀ အရွယ်တွေဖြစ်တဲ့ ကိုကျော်တေဇာဦး၊ ကိုကောင်းကျော်ထက် နဲ့ နောက်ထပ်လူငယ်တစ်ဦးတို့ဖြစ်တယ်လို့ ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။
ပုတီးကုန်းမြို့က လူငယ်တွေ ဖမ်းဆီးခံရတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး မတ်လကုန်ပိုင်းကလည်း ရွာမရွာက လူငယ် ၂ ဦးနဲ့ ၁၄ နှစ်အရွယ်ကလေး တစ်ယောက်ကိုလည်း အခုချိန်ထိဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။