DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလူငယ်များ အမေရိကန် ဥပဒေပြုအမတ်များနှင့်တွေ့ဆုံ  
DVB
·
July 21, 2026
တိုင်းရင်းသားလူငယ်များ အမေရိကန် ဥပဒေပြုအမတ်များနှင့်တွေ့ဆုံ  
Donate to DVB

မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကနေ အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့  တိုင်းရင်းသား လူငယ်တွေဟာ အမေရိကန်လွှတ်တော်တွေကို သွားရောက်ပြီး  ဥပဒေပြုအမတ်တွေနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

The National Youth Advocacy Program (NYAP) မှာ ၆ လကြာ သင်တန်းယူခဲ့တဲ့ မြန်မာတိုင်းရင်းသားလူငယ်တွေဟာ ဒေသစံတော်ချိန် ဇူလိုင် ၂၀ ရက်မှာ အမေရိကန် မြို့တော် ဝါရှင်တန်ဒီစီ ကွန်ဂရက်အဆောက်အအုံ၊ အထက်လွှတ်တော် (ဆီးနိတ်)နဲ့ အောက်လွှတ်တော်ကို လေ့လာရေးနဲ့ သတင်းစကားပေးရေး ခရီးစဉ် သွားရောက်ခဲ့တာပါ။

လူငယ်အားပေးမြှင့်တင်ရေးအစီအစဉ် (NYAP)ကို Karen Organization of America၊ US Campaign For Burma နဲ့ California Karen Youth Connection တို့ ပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ နယ်စပ်ဒုက္ခသည်စခန်းတွေကနေ အမေရိကန်ကို ရောက်ရှိလာတဲ့ လူငယ်အများစု ပါဝင်ခဲ့ပါတယ်။

ခရီးစဉ်မှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ဥပဒေပြုအမတ်တချို့နဲ့ လူငယ်တွေ တွေ့ဆုံခွင့်ရခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းနဲ့ BRAVE Burma Act ဥပဒေကြမ်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခွင့်ရခဲ့ပါတယ်။

လူငယ်တယောက်ဖြစ်တဲ့ တနေသာက “တခုက The BRAVE Burma Act ဖြစ်ပါတယ်၊ နောက်တခုက မြန်မာနိုင်ငံမှာ အများအပြားဖြစ်ပွားနေတဲ့ပြီး သတင်းကြီးနေတဲ့ Scam Center ငွေလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေကြမ်း ဖြစ်ပါတယ်၊ အဲ့ဒါတွေအတွက် မြေပြင်အခြေအနေကို ကျနော်တို့ အသိပေးနိုင်ဖို့ လွှတ်တော်ကိုသွားရောက်တာဖြစ်ပါတယ်၊ ပြီးတော့ ကျနော်တို့ အဖွဲ့ထဲမှာ ပါဝင်တဲ့ ဒုက္ခသည်စခန်းတွေနဲ့ ထိုင်းနယ်စပ်ကျေးလက်မှာ မွေးဖွားခဲ့တဲ့ လူငယ်တွေရဲ့ ဘဝဇာတ်ကြောင်းတွေကို ပြန်လည်မျှဝေဖို့ဖြစ်ပါတယ်”လို့ ပြောပါတယ်။

US Campaign For Burma အဖွဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ ကာရင်အေမီစ်က “အမေရိကန်ရဲ့ မြန်မာရေးရာမူဝါဒ ပိုအားကောင်းလာအောင် ကျမတို့ တွန်းအားပေးစည်းရုံးနိုင်မှာဖြစ်ပါတယ်။ Scam Center တွေကို ပစ်မှတ်ထားနှိမ်နင်းရာမှာ ဥပဒေကြမ်းတွေဟာ မြေပြင်မှာ တကယ် ထိရောက်ဖို့၊ ပြီးတော့ ဒီဥပဒေကြမ်းတွေဟာ မြန်မာနိုင်ငံက ဒီမိုကရေစီလှုပ်ရှားမှုအတွက်လည်း လွှမ်းခြုံပြီး အထောက်အကူဖြစ်စေမှာပါ”လို့ ပြောပါတယ်။

အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ ပြည်ပငွေလိမ်လည်မှုဂိုဏ်းများ ဖျက်သိမ်းရေးဥပဒေကြမ်းနဲ့ ငွေလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေကြမ်းတို့ကို အမတ်တွေက တင်သွင်းထားပြီး အဲ့ဒီဥပဒေကြမ်း ၂ ခုပေါင်းကနေ ဥပဒေတရပ်ပေါ်ပေါက်လာဖို့ ရှိနေတာပါ။ 

BRAVE Burma Act ဥပဒေကြမ်းမှာတော့ မြန်မာစစ်အာဏာရှင်ရဲ့ စီးပွားရေး၊ လေယာဉ်ဆီ၊ ငွေကြေး စတဲ့လမ်းကြောင်းတွေကို ဖြတ်တောက်တားဆီးဖို့နဲ့ စစ်အုပ်စုအတွက် စီးပွားရေးအရပံ့ပိုး သူတွေကို အမေရိကန်က ဖိအားပေးမှု မြှင့်တင်ရေးစတဲ့အချက်တွေ ပါဝင်ပါတယ်။

ကျောင်းသူတယောက်ဖြစ်တဲ့  အယ်ဒါးက “ဒီကို ရောက်မလာနိုင်တဲ့သူတွေကိုယ်စား ပြောပေးနိုင်ဖို့ ပါပဲ။ ဥပဒေရေးရာလုပ်ငန်းစဉ်တွေဟာ နှေးနေတယ်ဆိုတာသိပေမဲ့ ကျမတို့ လူမှုအသိုက်အဝန်း အတွက် အပြောင်းအလဲတချို့ဖြစ်လာစေမယ်လို့ အကောင်းဘက်ကနေ မြင်မိပါတယ်”လို့ ပြောပါတယ်။ 

California Karen Youth Connection ဥက္ကဋ္ဌ ဆာလူထူးက “အမေရိကန်လွှတ်တော်ကို ကျနော်တို့ ရောက်နေတာဟာ မြန်မာပြည်က ပြည်သူတွေရဲ့စိုးရိမ်ကြောင့်ကြမှုတွေကို ကိုယ်စားပြောပေးဖို့ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာပြည်မှာကျန်နေခဲ့တဲ့ အကူအညီလိုအပ်နေသူတွေ အကူအညီတွေ ရနိုင်ဖို့ဖြစ်ပါတယ်”လို့ ပြောပါတယ်။

လွှတ်တော်ခရီးစဉ်မှာ ထိုင်း- ကရင်၊ ကရင်နီနယ်စပ်နဲ့ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်က လူငယ်တွေ အဓိကပါဝင်ခဲ့ပါတယ်။

မြေပြင်က အခြေအနေမှန်တွေနဲ့ သတင်းစကားတွေကို လွှတ်တော်အမတ်တွေဆီတ တိုက်ရိုက် သတင်းစကားပေးဖို့ ဆက်လက်ကြိုးစားမှာဖြစ်သလို နိုင်ငံတွင်းကျန်နေခဲ့သူတွေကိုလည်း အတွေ့အကြုံနဲ့သတင်းစကားတွေ ပြန်လည်မျှဝေပေးသွားမယ်လို့ ဆိုကြပါတယ်။

ရိုဟင်ဂျာလူငယ် မောင်လှမင်းက “ကျနော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက ဒုက္ခသည် စခန်းမှာ မွေးဖွားကြီးပြင်းလာသူဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေ၊ ရိုဟင်ဂျာတွေ၊ ကရင်၊ ချင်း၊ တခြားတိုင်းရင်းသားတွေအပါအဝင် ကျနော်တို့ရဲ့အသံတွေကို မြှင့်တင်နိုင်ဖို့ ဒီကို ရောက်နေတာပါ၊ ခွဲခြားဆက်ဆံခံနေရတာတွေ၊ စနစ်တကျ အကြမ်းဖက်ခံနေရတာတွေ၊ ပြီးတော့ ရိုဟင်ဂျာတွေ ကြုံတွေ့ရသလိုပဲ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ အဲ့ဒါကြောင့် မြန်မာပြည်တွင်းမှာရှိတဲ့ ပြည်သူတွေ အားလုံးအတွက် ဒီကိုရောက်နေတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ကျောင်းသားတယောက်ဖြစ်တဲ့ မက်သရူးက “မြန်မာပြည်တွင်းမှာ လူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်၊ ဆေးဝါးကုသမှုရဖို့၊ သွားလာရေး၊ အစားအသောက် စတဲ့အထွေထွေ လိုအပ်ချက်တွေအတွက် ရုန်းကန်နေရတယ်။ ကျနော့်ရဲ့အတွေ့အကြုံတွေကို ဒီက ဥပဒေပြုအမတ် တွေနဲ့ တာဝန်ရှိသူတွေကို ပြောပြမယ်၊ ပြီးတော့ ဒီကရလာတဲ့အတွေ့အကြုံတွေကို ကျနော့်ဒေသကို ပြန်သွားပြီး ပြောပြမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

NYAP အစီအစဉ်ဟာ ဒီမိုကရေစီကို နိုင်ငံရေးမျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းနိုင်ဖို့ဖြစ်တယ်လို့ အစီအစဉ်းဆောင်သူတွေက ပြောပါတယ်။ လွှတ်တော်ခရီးစဉ်ဖြစ်မြောက်ရေးအတွက် မြန်မာနွယ်ဖွား လွှတ်တော်ရုံးဝန်ထမ်းက အကူအညီပေးခဲ့တာပါ။

လွှတ်တော်ရုံးဝန်ထမ်း မတ်ခ်ဆွေးက “ကျနော် ဒီကိုရောက်နေတဲ့အကြောင်းက လိုအပ်နေသူတွေကို အကူအညီပေးနိုင်ဖို့နဲ့ အသိပေးစည်းရုံးရေးလုပ်ငန်းတွေအတွက် အထောက်အကူပြုဖို့ဖြစ်ပါတယ်၊ ကျနော်တို့ရဲ့အနာဂတ်နဲ့ မျိုးဆက်သစ်တွေကို ကျနော်တို့ရဲ့ဒီမိုကရေစီလုပ်ငန်းတွေနဲ့ ထိတွေ့ မိတ်ဆက်ပေးနိုင်ဖို့ဖြစ်ပါတယ်”လို့ ပြောပါတယ်။ 

Karen Organization of America အမှုဆောင်ဒါရိုက်တာ အယ်နေသောက “အဆုံးသတ်တနေ့မှာ ကျနော်တို့အားလုံးလိုချင်တဲ့ ကိုယ်တိုင်အတွက်၊ မိသားစုတွေအတွက်၊ အနာဂတ် မျိုးဆက်တွေနဲ့ ကလေးတွေအတွက် ဒီမိုကရေစီရဲ့ ရလဒ်ကောင်းမွန်ခြင်းတွေ ရလာဖို့ဖြစ်ပါတယ်”လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်မှာ သမ္မတဂျိုးဘိုင်ဒန်က Burma Act ကို လက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီးနောက် BRAVE Burma Act ၊ Burma GAP Act နဲ့ No New Burma Funds Act ဥပဒေကြမ်း ၃ ခုကို အမတ်တွေက လွှတ်တော်အသီးသီးမှာတင်သွင်းထားတာပါ။

Burma Act ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လုပ်ငန်းအကောင်အထည်ဖော်နိုင်ဖို့ ဒီဥပဒေကြမ်း ၃ ခုအတည်ပြုအသက်ဝင်လာရေးဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေအတွက် အရေးကြီးနေတာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013