DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ရှမ်းပြည်နယ်က လူငယ် ၄ ဦးကို စစ်တပ်က ပစ်သတ်၊ PDF ဟု စစ်ကောင်စီ သတင်းလိမ်ညာ ထုတ်လွှင့်
DVB
·
June 23, 2021
မန္တလေးတွင် ရှမ်းပြည်နယ်က လူငယ် ၄ ဦးကို စစ်တပ်က ပစ်သတ်၊ PDF ဟု စစ်ကောင်စီ သတင်းလိမ်ညာ ထုတ်လွှင့်
Donate to DVB

မန္တလေး PDF နဲ့ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေ  ဇွန် ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုနဲ့ လုံးဝမပတ်သက်တဲ့ ရှမ်းပြည်မြောက်ပိုင်းက ခရီးသွားလူငယ် ၄ ဦး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။ 

အဆိုပါလူငယ် ၄ ဦးမှာ  ၃ ဦးက  နမ့်ခမ်းမြို့နယ်နဲ့ ၁ ဦးက သီပေါမြို့နယ်က ဖြစ်ပြီး မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်မှာ ကြက်ခြံလုပ်ငန်း လာလုပ်ကြတာလို့ သိရပါတယ်။

သူတို့ဟာ မန္တလေးကို အလုပ်ကိစ္စနဲ့သွားပြီး ဇွန် ၂၂ ရက်နေ့မနက်က ကိုယ်ပိုင်ကားနဲ့ စဉ့်ကိုင်ကိုအပြန် ၅၃ လမ်းနားမှာ စစ်တပ်နဲ့တိုးပြီး နောက်ကနေ လိုက်လံပစ်ခတ်ခံရကာ ကားကို ထရန်စဖော်မာနဲ့ တိုက်မိခဲ့တာလို့ သေဆုံးသူ လူငယ်တစ်ဦးရဲ့ သူငယ်ချင်း မိုင်းလုမ်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က မန္တလေးကနေ ကိုယ်ပိုင်ပါဂျဲရိုးကားနဲ့ စဉ့်ကိုင်ကို ပြန်လာတာ၊ မနက် ၈ နာရီ လောက်မှာ နိုင်လိုင်းက သူ့အမျိုးသမီးဆီ ဖုန်းဆက်တယ်၊ ၅၃ လမ်းနားမှာ ရဲတွေနဲ့ တိုးတယ်၊ ပစ်လည်း ပစ်နေတယ်ဆိုတော့ သူတို့လည်း ကြောက်ပြီး နောက်ပြန်လှည့်တယ်တဲ့၊ အဲဒါ စစ်ကားပါ ရောက်လာပြီး သူတို့နောက်လို့ လိုက်ပစ်တာ၊ ကားက လမ်းဘေးက ထရန်စဖော်မာကို တိုက်မိတယ်၊ အဲဒီအချိန်ကားက အဲဒီလောက်အထိ မပျက်စီးဘူး၊ လူလည်း ဘာမှမဖြစ်ဘူး၊ ကားအက်ဆီးဒဲန့်ဖြစ်ပြီး စစ်တပ်က သူတို့ ၄ ယောက်ကို ဖမ်းပြီးကားကို ဖောက်ခွဲပစ်လိုက်တယ်တဲ့ သူ့မိန်းမ ပြန်ပြောပြတာ၊ အဖမ်းခံရကတည်းက ဖုန်းအဆက်သွယ်မရတော့ဘဲ ညကျတော့ သတင်းထဲမှာ သူတို့က သေနတ်နဲ့ပစ်လို့ လိုက်ပစ်ရတယ်၊ သူတို့ကားက အရှိန်နဲ့ ထရန်စဖော်မာ တိုက်မိပြီး အကုန်သေသွားပြီလို့ သတင်းထုတ်ပြန်တယ်။ မိသားစုဝင်တွေက အလောင်းပြန်ရဖို့ နယ်မြေရဲစခန်းရော မြို့နယ်ရဲစခန်းမှာရော ဝိုင်းပြီးဆက်သွယ်ထားကြတာ အခုထိမရသေးဘူး၊ အကျိုးအကြောင်းလည်း မသိရဘူး။” 

သူတို့ ၄ ယောက်ပုံဟာ စစ်ကောင်စီက ဖမ်းပြီး တန်းစီထားတဲ့ သေဆုံးသူ PDF အဖွဲ့ဝင် ၈ ဦးပုံထဲမှာ ပါလာကြောင်း၊ မန္တလေးပြည်သူ့ကာကွယ်ရေးဘက်က သူတို့ဘက်က ကျဆုံးသူ ၄ ဦးသာ ကျဆုံးကြောင်း ကြေညာထားတာကို စစ်ကောင်စီဘက်က မလိမ့်တပတ်လုပ်ပြီး MRTV ကနေ လိမ်ညာသတင်းထုတ်တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရမ်းသန်းအကြမ်းဖက်ပစ်ခတ်တဲ့ လုပ်ရပ်ကို မိသားစုဝင်တွေရော တအာင်းအသိုင်းအဝိုင်းကပါ အားလုံးဝိုင်းဝန်းရှုတ်ချတယ်လို့ သူက ဆက်ပြောပါတယ်။ 

အဆိုပါ လူရွယ် ၄ ဦးထဲမှာ နိုင်ထွန်းကြည်၊ နိုင်လိုင်းနဲ့ မိုင်းချစ်ရွှေ ဆိုသူ တအာင်းပလောင် လူငယ် ၃ ဦးနဲ့ အားတီဆိုတဲ့ တရုတ်လူရွယ်တစ်ယောက် ပါဝင်ပြီး အသက် ၂၅ နဲ့ ၃၅ နှစ်ရွယ်ကြားမှာ ရှိပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ MWD သတင်းမှာတော့ မန္တလေးချမ်းမြ၊ သာစည်မြို့နယ် ၁၁၁ နဲ့ ၅၄ လမ်းကြားရှိ အိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်ဘက်က သတင်းအရ ဝင်ဖမ်းရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာပြင်းစွာရရှိခဲ့ပြီး တဖက်အဖွဲ့က  ၄ ဦးသေဆုံးပြီး ၈ ဦး ဖမ်းမိကြောင်း ထုတ်လွှင့်သွားပါတယ်။

ဒါ့အပြင် ၅၃ လမ်းထိပ် ပါဂျဲရိုးကားပေါ်ကနေ သူတို့ကိုပစ်လို့ လုံခြုံရေးဘက်က လိုက်လံ ပစ်ခတ်ရပြီး ပါဂျဲရိုကားက အရှိန်နဲ့ လမ်းဘေးက ထရန်စဖော်မာတိုင်ကို ဝင်တိုက်လို့ ၄ ဦးလုံး သေဆုံးသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013