DVB Logo
Home
မြန်မာသတင်း
ပစ်သတ်ခံခဲ့ရသည့် စဉ့်ကူးမြို့မှ သတို့သားလောင်းအပါအဝင် ကျဆုံးပြည်သူ ၈၇၅ ဦး ထိရှိလာ
DVB
·
June 23, 2021
ပစ်သတ်ခံခဲ့ရသည့် စဉ့်ကူးမြို့မှ သတို့သားလောင်းအပါအဝင် ကျဆုံးပြည်သူ ၈၇၅ ဦး ထိရှိလာ
Donate to DVB

မတရားအာဏာသိမ်းကာလ ၄ လခွဲကျော်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၇၅ ယောက် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၂၂ ရက်အထိ မှတ်တမ်းပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ကာ အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၂၄၂ ယောက် ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၅၀၅၃ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁၉၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၉၅၀ ယောက်ရှိနေပြီး သူတို့ထဲက ၃၁ ယောက်ကတော့ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ၊ ၁၈ ယောက်ကတော့ အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်စီ အသီးသီး မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရလို့ တိမ်းရှောင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇွန် ၂၀ ရက် ညအချိန်က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှ ကျေးရွာအုပ်စုက သတို့သားလောင်း ကိုကျော်ကျော်မျိုးဟာ သူငယ်ချင်းနဲ့အတူ ဆိုင်ကယ်နဲ့ မင်္ဂလာဆောင်ဖိတ်စာ သွားရောက်ဝေငှချိန်မှာ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ခဲ့တာကြောင့် နေရာတင် ကျဆုံးသွားခဲ့ပြီး သူ့ရဲ့ သူငယ်ချင်းဖြစ်သူကိုလည်း ရိုက်နှက် ဖမ်းဆီးသွားခဲ့တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်မှာတော့ ဇွန် ၁၉ ရက်နေ့ ညအချိန်မှာ အသက် ၁၃ နှစ်အရွယ် မောင်ဖိုးသင်္ကြန်(ခ)ဖိုးစိန်ဟာ ကစားနေချိန်မှာ စစ်သားတွေ ရောက်ရှိလာတာကိုမြင်လို့ ထွက်ပြေးရာကနေ သေနတ်နဲ့ လှမ်းပစ်ခံခဲ့ရပြီး နောက်ကျောကို ကျည်ထိမှန်ကာ ဒဏ်ရာနဲ့ ခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဇွန် ၂၁ ရက်နေ့မှာတော့ မိသားစုက မောင်ဖိုးသင်္ကြန်(ခ)ဖိုးစိန် ကျဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦး‌ကျော်ဇေယျာစိုးရဲ့ ဖခင်ဖြစ်သူ ဦးငွေစိုး(ခ)ဦးစန်းချုပ်ကိုတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ ထားဝယ်ထောင်တွင်း အထူးတရားရုံးကနေ ဇွန်၂၁ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013