DVB Logo
Home
Lead Story
အာဏာရှင်အစိုးရရဲ့ အရှေ့မျှော်ဝါဒ
DVB
·
May 1, 2026
အာဏာရှင်အစိုးရရဲ့ အရှေ့မျှော်ဝါဒ
Donate to DVB

အထီးကျန်ဖြစ်နေတဲ့ အခြေအနေကနေ ရုန်းထွက်ပြီး အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှားနိုင်ဖို့ဆိုရင် ကမ္ဘာကြီးနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ် ဆိုတာကို မြန်မာစစ်ခေါင်းဆောင်တွေ ကောင်းကောင်း သဘောပေါက်ထားပါတယ်။ ဒါကြောင့်မို့ အခုအခါမှာ အရပ်ဝတ်ပြောင်းဝတ်ထားတဲ့ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံခြားရေးမူဝါဒကို အသစ်ပြန်ချမှတ်ပြီး နိုင်ငံတကာရဲ့ လက်ခံမှုကို ပြန်ရဖို့ ကြိုးပမ်းနေကြပါတယ်။ ဒီလိုကြိုးပမ်းရာမှာ သူတို့ရဲ့ အစဉ်အလာ မဟာမိတ်တွေဖြစ်တဲ့ တရုတ်နဲ့ အာဆီယံ (အထူးသဖြင့် ထိုင်းနိုင်ငံ) တို့ရဲ့ အကူအညီကို ရှာဖွေနေသလို ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်တို့ရဲ့ ထောက်ခံမှုကိုပါ ရယူဖို့ ကြိုးစားလာကြပါတယ်။

ဒါဟာ ‘အရှေ့မျှော်’ (Look East) မူဝါဒကို ကျင့်သုံးတာဖြစ်ပြီး အနောက်ဘက်ကိုပါ မျက်စိတချက် ဝေ့ကြည့်လိုက်တာပါပဲလို့ စစ်တပ်အသိုက်အဝန်းနဲ့ နီးစပ်တဲ့ ရန်ကုန်အခြေစိုက် မြန်မာပညာရှင်တယောက်က ဆိုပါတယ်။

နိုင်ငံတကာရဲ့ လက်ရှိ အခင်းအကျင်းသစ်အရ မြန်မာနိုင်ငံအနေနဲ့ သူ့ရဲ့ မဟာဗျူဟာကျတဲ့ ပထဝီဝင် အနေအထားကို အသုံးချရမှာဖြစ်ပြီး အစ္စလာမ်ကမ္ဘာနဲ့ ဆက်ဆံရေးပိုကောင်းအောင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေရှည်မှာ အာဏာပိုင်တွေက “ဘင်္ဂါလီ” လို့ နှိမ့်ချခေါ်ဝေါ်လေ့ရှိတဲ့ ရိုဟင်ဂျာအရေးကိုပါ ကူညီဖြေရှင်းပေးရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာစစ်အာဏာရှင်အစိုးရသစ်ဟာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရဖို့ကို အလွန်အမင်း လိုလားနေပါတယ်။ ပြည်တွင်းပြည်ပက အတုအယောင်လို့ သတ်မှတ်ထားကြတဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီ ရွေးကောက်ပွဲတွေအပြီးမှာ အရပ်သားတပိုင်း အစိုးရတရပ်ကို ဖွဲ့စည်းလိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် သူတို့လိုချင်မက်မောနေတဲ့ တရားဝင်မှုကို ရရှိသွားပြီလို့လည်း ယုံကြည်နေကြပါတယ်။

မကြာသေးခင်ကမှ ကာကွယ်ရေးဦးစီးချုပ်ရာထူးကနေ အနားယူခဲ့တဲ့ မင်းအောင်လှိုင်ဟာ အခုတော့ သမ္မတ ဖြစ်လာပါပြီ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ဒီမိုကရေစီပြယုဂ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပြီးနောက်မှာ “နွေဦးတော်လှန်ရေး” လို့ ခေါ်ဆိုကြတဲ့ လက်နက်ကိုင် အတိုက်အခံတွေအပေါ် ၅ နှစ်ကြာ အကြမ်းဖက်စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့ပါတယ်။ အရပ်သားတွေကို ရမ်းသန်း ဗုံးကြဲခဲ့ပြီး အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပါတယ်။ လူသန်းပေါင်းများစွာကိုလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ပါတယ်။

သမ္မတအဖြစ် ရာထူးရယူလိုက်တဲ့ မင်းအောင်လှိုင်ကို ဂုဏ်ပြုဖို့နဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ဟာ နေပြည်တော်ကို ကမန်းကတန်း သွားရောက်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြီးပွားတိုးတက်ရေးဆိုတဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်ရည်မှန်းချက်တွေအတွက် တရုတ်နိုင်ငံဟာ အဓိကသော့ချက် ဖြစ်နေဆဲပါ။ ရန်ကုန်အခြေစိုက် တရုတ်သံအမတ်ကြီးဟာ မင်းအောင်လှိုင်ကို လူကိုယ်တိုင် ပထမဆုံး ဂုဏ်ပြုစကားပြောခဲ့တဲ့ သံတမန်ဖြစ်ပြီး သူနဲ့ ရှည်လျားတဲ့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကျန်ရှင်းကျီဟာ တရုတ်ခေါင်းဆောင်ကိုယ်စား ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာလည်း နေပြည်တော်ကို လာရောက်ခဲ့ပါတယ်။ မင်းအောင်လှိုင်ဘက်က ကြည့်ရင်လည်း အာဏာသိမ်းပြီးကတည်းက ပေကျင်းဆိုင်ရာ သံအမတ်ကြီးဖြစ်ခဲ့တဲ့ စစ်အရာရှိဟောင်း တင်မောင်ဆွေကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာဟာ တရုတ်နိုင်ငံဘက်ကို ယိမ်းလိုက်တာဖြစ်တယ်လို့ သံတမန်တွေက ရှုမြင်ကြပါတယ်။

ဒီအချက်တွေအားလုံးဟာ နှစ်နိုင်ငံဆက်ဆံရေးကို ဘယ်လောက်အထိ အရေးတယူထားကြသလဲ ဆိုတာကို ပြသနေတဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ဥရောပသံတမန်ဟောင်း တယောက်က Bangkok Post ကို ပြောပါတယ်။ “ဒါပေမဲ့ နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ၊ ကြီးမားတဲ့ သဘောထားကွဲလွဲမှုတွေ မရှိဘူးလို့တော့ ဆိုလိုတာမဟုတ်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။ တရုတ်အစိုးရဟာ (အထူးသဖြင့် အတိတ်ကဆိုရင်) မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး သံသယတွေ ရှိနေတာ ထင်ရှားပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ အဲဒါတွေကို ဘေးဖယ်ထားပုံရပါတယ်။

တရုတ်အစိုးရဟာ မြန်မာ့အရေးနဲ့ပတ်သက်လာရင် နောက်ကွယ်ကနေပဲ ကြိုးကိုင်ချင်ကြပါတယ်။ သူတို့အမြင်မှာတော့ မြန်မာ့နိုင်ငံခြားရေးမူဝါဒမှာ အာဆီယံကသာ ဦးဆောင်ဦးရွက်ပြုသင့်တယ်လို့ ယူဆထားပါတယ်။ “တရုတ်နိုင်ငံဟာ အာဆီယံရဲ့ ချဉ်းကပ်မှုနဲ့ အမြင်တွေကို အမြဲတမ်း ဦးစားပေး အသိအမှတ်ပြုလေ့ ရှိပါတယ်” လို့ မြန်မာသံတမန်ဟောင်း ဦးညွန့်မောင်ရှိန်က ၂၀၂၁ ခုနှစ်ကတည်းက ပြောကြားခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ ချဉ်းကပ်ပုံက သိပ်ပြောင်းလဲမသွားဘူးလို့ အာရှသံတမန်ဟောင်း အများအပြားက ဆိုပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က အာဏာသိမ်းပြီးပြီးချင်းမှာပဲ တရုတ်သံတမန်တွေဟာ ကြီးထွားလာတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ယန္တရားတခု ဖန်တီးရေး အာရှနိုင်ငံတွေဆီ အကြံဉာဏ်တွေ တောင်းခံခဲ့ပါတယ်။ အဲဒါကတော့ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ (အာဆီယံကိုယ်စား) ထိုင်းနိုင်ငံတို့ ပါဝင်တဲ့ ဒေသတွင်း အဖွဲ့အစည်းတခု ဖွဲ့စည်းပြီး ကြားဝင်ဖျန်ဖြေပေးဖို့ပဲ ဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ပိုရလာမှသာ အထီးကျန်ဖြစ်နေတာကို ချိုးဖျက်နိုင်ပြီး အကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေးတွေ ပြန်လည်စတင်နိုင်မယ် ဆိုတာကို မြန်မာစစ်အာဏာရှင်အစိုးရက နားလည်ထားပါတယ်။ ဒါ့အပြင် ရခိုင်အရေး၊ ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ကိစ္စလို အဓိက ပြည်တွင်းပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် ဒေသတွင်းနိုင်ငံတွေရဲ့ အကူအညီ လိုအပ်တယ် ဆိုတာကိုလည်း သဘောပေါက်ထားပါတယ်။

အတိုက်အခံကိုယ်စားလှယ် ဦးကျော်မိုးထွန်းကိုပဲ ကုလသမဂ္ဂမှာ ဆက်လက်ထားရှိထားတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်စိစစ်ရေး ကော်မတီကိုလည်း သူတို့က စည်းရုံးချင်နေကြပါတယ်။ “အခုဆိုရင် ကျနော်တို့မှာ ရွေးကောက်ခံအစိုး ရရှိနေပြီဖြစ်လို့ အဲဒီအစိုးရကပဲ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုသင့်ပါတယ်” လို့ အာဏာရ ကြံ့ခိုင်ရေးပါတီက အမည်မဖော်လိုတဲ့ အကြီးတန်း လွှတ်တော်ကိုယ်စားလှယ်တယောက်က ပြောပါတယ်။

အနောက်နိုင်ငံတွေ၊ အထူးသဖြင့် ဥရောပ၊ ဗြိတိန်နဲ့ အမေရိကန်တို့ကို ချဉ်းကပ်ဖို့ ကြိုးစားနေတာဟာ အချည်းနှီးပဲ ဆိုတာကို စစ်ခေါင်းဆောင်တွေ နားလည်ထားကြပါတယ်။ ဒါပေမဲ့ အရှေ့ဘက်ကိုသာမက အနောက်ဘက် (အစ္စလာမ်ကမ္ဘာ) ကိုပါ ချဉ်းကပ်ဖို့ လိုအပ်နေတယ် ဆိုတာကို သူတို့ သဘောပေါက်လာကြပါတယ်။ “အစ္စလာမ် အသိုက်အဝန်းနဲ့ ဆက်ဆံရေးကောင်းဖို့ ကျနော်တို့ တကယ်လိုအပ်ပါတယ်။ ဘင်္ဂါလီကိစ္စကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေး တိုးတက်ဖို့က အခြေခံအကျဆုံးပါပဲ” လို့ စစ်အရာရှိဟောင်းတယောက်က ပြောပါတယ်။

ဒါပေမဲ့ အာရှသံတမန်တွေရဲ့ အဆိုအရ စစ်အုပ်စုဟာ အဲဒီထက် ပိုကျယ်ကျယ်ပြန့်ပြန့် မျှော်ကြည့်နေတယ်လို့ ဆိုပါတယ်။ “မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဆက်ဆံရေးတိုးတက်ဖို့ ဆိုတာမှာ ပါကစ္စတန်နဲ့ တရုတ် အပါအဝင် ကြားခံ တတိယနိုင်ငံတွေလည်း ပါဝင်နေပါတယ်” လို့ စစ်တပ်လိုလားတဲ့ မြန်မာပညာရှင်တယောက်က ဆိုပါတယ်။ ဒီလို ကျယ်ပြန့်တဲ့ ချဉ်းကပ်မှုရဲ့ အစိတ်အပိုင်းတခုကတော့ 'ဘင်္ဂလားဒေ့ရှ်-မြန်မာ-တရုတ် စီးပွားရေးစင်္ကြံတည်ဆောက်ဖို့ဖြစ်ပြီး လက်ရှိမှာ စိတ်ကူးအဆင့်ပဲ ရှိသေးတယ်’ လို့ သူက ဆက်ပြောပါတယ်။ အိန္ဒိယရဲ့ ဖိအားတွေကို တွန်းလှန်ချင်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်က ဒါကို တွန်းအားပေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သူက သုံးသပ်ပြပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဟာ နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ် အနုတင်က မင်းအောင်လှိုင်ကို ဂုဏ်ပြုစကား ပြောကြားခဲ့သလို သူ့ရဲ့ ရာထူးသစ်ကို တရားဝင်အသိအမှတ်ပြုတဲ့ ပထမဆုံး အာဆီယံခေါင်းဆောင် ဖြစ်လာပြီးနောက်မှာ အခုခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် အနုတင်က “အပြန်အလှန် လေးစားမှု၊ တူညီတဲ့ အကျိုးစီးပွားတွေနဲ့ ခိုင်မာတဲ့ ပြည်သူအချင်းချင်း ချိတ်ဆက်မှုတွေအပေါ် အခြေခံထားတဲ့ နှစ်ကာလရှည်ကြာ ဆက်ဆံရေး” ကို ချီးကျူးစကား ဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး” အတွက် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို ကူညီပေးဖို့ ထိုင်းနိုင်ငံက အသင့်ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဧပြီ ၁၀ ရက်က ကျင်းပခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ ထိုင်းအစိုးရဟာ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီ ကိုလည်း စေလွှတ်ခဲ့ပါတယ်။ မစ္စတာ ပန်ပရီနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ဟောင်းနဲ့ လက်ရှိ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာ့အရေး အထူးအကြံပေးဖြစ်သူ ကာလာယာနာလည်း လိုက်ပါလာခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဟာ ခရီးစဉ်အတွင်း လွန်ခဲ့တဲ့ ၅ နှစ် အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းထားပါတယ်။ အသက် ၈၀ အရွယ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်က နေရာတခုခုမှာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး ဖမ်းဆီးခံထားရတယ်လို့ ယူဆရပါတယ်။ သူ့ရဲ့ ကျန်းမာရေးအတွက် ပြင်းပြင်းထန်ထန် စိုးရိမ်မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံအပေါ် ဘယ်လောက်အထိ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့တွင်း သဘောထားကွဲလွဲမှုတွေ ရှိနေပေမဲ့ ဒီခရီးစဉ်ဟာ စစ်အာဏာရှင်အစိုးရသစ်အနေနဲ့ အာဆီယံနဲ့ ပြေလည်အောင် ဖြေရှင်းဖို့ ဘယ်လောက်အထိ ရိုးသားမှုရှိသလဲ ဆိုတာကို စမ်းသပ်မဲ့ မှတ်ကျောက်တခု ဖြစ်လာပါလိမ့်မယ်။ “အစိုးရသစ်အနေနဲ့ နိုင်ငံတကာဆက်ဆံရေး၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံတို့နဲ့ ဆက်ဆံရေးတွေကို တည်ဆောက်သွားပါမယ်” လို့ မင်းအောင်လှိုင်က သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ ကျန်းမာရေးချို့တဲ့နေတဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံနဲ့ ကမ္ဘာကြီးရဲ့ စိုးရိမ်ပူပန်မှုကို ပြသတာအပြင် မစ္စတာ ဆီဟာဆတ် အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း ထပ်လောင်း အခိုင်အမာ ပြောကြားရမှာ ဖြစ်ပါတယ်။

သင်္ကြန်ကာလဟာ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးလေ့ရှိတဲ့ ရိုးရာအချိန်အခါ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထွက်ပေါ်လာမဲ့ အခြေအနေတွေက အစိုးရသစ်အနေနဲ့ လမ်းကြောင်းပြောင်းပြီး အလျှော့ပေးတာတွေ လုပ်မလား ဆိုတာကို ပြသပါလိမ့်မယ်။

လူတွေ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြသလို “The Lady” လို့ လူသိများတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပုံစံမျိုး ပြောင်းရွှေ့ပေးပြီး ပိုမိုလွယ်ကူတဲ့ အဆက်အသွယ်တွေ ရလာမယ်၊ နောက်ပိုင်းမှာ ဧည့်သည်တွေနဲ့ တွေ့ခွင့်ပေးမယ်ဆိုရင် ဒါဟာ မင်းအောင်လှိုင်အနေနဲ့ အာဆီယံရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ အသင့်ရှိနေတယ် ဆိုတာကို ပြသရာ ရောက်နိုင်ပါတယ်။ ပိုအရေးကြီးတာက ဗုဒ္ဓဘာသာ နှစ်သစ်ကူး သင်္ကြန်အပြီးမှာ ပေးလေ့ရှိတဲ့ အစုလိုက်အပြုံလိုက် လွတ်ငြိမ်းချမ်းသာခွင့်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်များများ လွတ်မြောက်လာမလဲ ဆိုတာကို အားလုံးက အာရုံစိုက် စောင့်ကြည့်နေကြမှာပဲ ဖြစ်ပါတယ်။

လယ်ရီ ဂျေဂန်

Ref: Bangkok Post 

(ထိုင်းနိုင်ငံထုတ် Bangkok Post  သတင်းစာဝက်ဘ်ဆိုက်တွင် ဝါရင့် သတင်းစာဆရာ Larry Jagan ရေးသားသည့် “Myanmar looks east again in search of legitimacy” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။ Larry Jagan သည် မြန်မာ့အရေး ကျွမ်းကျင်သူတယောက်ဖြစ်ပြီး BBC World Service News ၏ ဒေသတွင်းဆိုင်ရာ  အယ်ဒီတာဟောင်းလည်း ဖြစ်ပါသည်။)  မူလဆောင်းပါးတွင် ပါဝင်သည့် အချက်အလက်တချို့ကို Update လုပ်ထားသည်။)

ရင်းမြစ် - Bangkok Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013