DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ပစ်သတ်ခဲ့သည့် ချောင်းဆုံလူငယ် ၂ ဦးအပါအဝင် ကျဆုံးပြည်သူ ၈၇၃ ဦးထိ ရှိလာ
DVB
·
June 22, 2021
စစ်တပ်က ပစ်သတ်ခဲ့သည့် ချောင်းဆုံလူငယ် ၂ ဦးအပါအဝင် ကျဆုံးပြည်သူ ၈၇၃ ဦးထိ ရှိလာ
Donate to DVB

မတရားအာဏာသိမ်းကာလ ၄ လခွဲကျော်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ် အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၇၃ ယောက် ကျဆုံးခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၂၁ ရက်အထိ မှတ်တမ်းပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ကာ အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၂၃၁ ယောက် ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၅၀၄၅ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁၉၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၅၀ ယောက်ရှိနေပြီး သူတို့ထဲက ၃၁ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ၊ ၁၈ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်စီ အသီးသီး မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရလို့ တိမ်းရှောင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇွန် ၂၀ ရက် ညအချိန်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ် ၂ ယောက်ကို တားဆီးစစ်ဆေးရာ ရပ်တန့်ပေးခြင်းမရှိ တာကြောင့် ပစ်သတ်ခဲ့ပြီး အဆိုပါလူငယ်တွေဟာ ချောင်းဆုံမြို့နယ်၊ အဘစ်ကျေးရွာက ကိုမိုးဇော်ဦးနဲ့ ကိုဇော်မင်းဦး တို့ဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာတော့ Bago Weekly ဂျာနယ် ပင်တိုင်ဆောင်းပါးရှင် ငြိမ်း(ပဲခူး)(ခေါ်)ကိုအောင်ကိုနဲ့ တူဖြစ်သူ အသက် ၁၆ နှစ်အရွယ် မောင်ဇော်လင်းထွေးတို့ကို ဇွန် ၂၁ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုက နေအိမ်မှာ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန် ၂၀ ရက်ညအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့က ပုသိမ်ဟို တယ်အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အနီးအနားရပ်ကွက်မှာ နေထိုင်တဲ့ လူငယ်တယောက်ဖြစ်တဲ့ ကိုထွန်းလင်းအောင်ကို သံသယနဲ့ ဖမ်းဆီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013