DVB Logo
Home
Lead Story
မြန်မာ့အရေး ကုလဆုံးဖြတ်ချက် ဘီလာရုစ်နိုင်ငံက ဘာကြောင့်ကန့်ကွက်မဲပေးခဲ့သလဲ
DVB
·
June 21, 2021
မြန်မာ့အရေး ကုလဆုံးဖြတ်ချက် ဘီလာရုစ်နိုင်ငံက ဘာကြောင့်ကန့်ကွက်မဲပေးခဲ့သလဲ
1 / 2
Donate to DVB

ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအပေါ် ပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံသို့ လက်နက်စီးဝင်မှုများအား ကာကွယ်နိုင်ရန်အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုထားသည့် ဆုံးဖြတ်ချက်ကို ထောက်ခံသည့်နိုင်ငံ ၁၁၉ နိုင်ငံ၊ မဲမပေးခဲ့သည့်နိုင်ငံ ၃၆ နိုင်ငံဖြင့် ဇွန်လ ၁၈ ရက်နေ့က ပြတ်ပြတ်သားသား ချမှတ်နိုင်ခဲ့ပါသည်။ 

အဆိုပါ ဆုံးဖြတ်ချက်ကို ဘီလာရုစ်နိုင်ငံက အဘယ့်ကြောင့် ဆန့်ကျင်ကန့်ကွက်မဲပေးခဲ့ရသနည်း ဆိုပြီး Justice For Myanmar အဖွဲ့က သုံးသပ်ရေးသားထားပါသည်။ 

 ဥရောပ၏ နောက်ဆုံးလက်ကျန်အာဏာရှင်နိုင်ငံအဖြစ် ရံဖန်ရံခါ ညွှန်းဆိုလေ့ရှိသည့် ဘီလာရုစ်နိုင်ငံ သည် မြန်မာစစ်တပ်နှင့် ရှည်လျားကြာမြင့်သည့် ဆက်ဆံရေး ရှိခဲ့သည်။ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့၏ အဆိုအရ ဘီလာရုစ်နိုင်ငံသည်  ကမ္ဘာ့လက်နက်တင်ပို့ရောင်းချမှု အများဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံလည်း ဖြစ်သည်။

မြန်မာနှင့် ဘီလာရုစ်နိုင်ငံတို့သည် ယခင်မြန်မာစစ်အာဏာရှင်လက်ထက် ၂၀၀၈  ခုနှစ်အတွင်း စစ်ဘက်ရေးရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြပြီး၊ နှစ်ပတ်လည်အစည်းအဝေးပွဲများကိုလည်း ကျင်းပခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲများအတွင်း စစ်လက်နက်ရောင်းချခြင်း၊ စစ်လက်နက်ထုတ်လုပ်ခြင်း၊ နည်းပညာလွှဲပြောင်းပေးခြင်းနှင့် စစ်သင်တန်းပေးခြင်းစသည့် အကြောင်းများပါဝင်နေသည်။ အဆိုပါကော်မရှင်ကို မြန်မာနိုင်ငံဘက်မှ ကာကွယ်ရေးဒုဝန်ကြီးကဦးဆောင်ပြီး ဘီလာရုစ်ဘက်ခြမ်းတွင် အစိုးရစစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးကော်မတီဒုဥက္ကဋ္ဌ (၁) တို့က ဦးဆောင်ပါဝင်နေသည်။

၂၀၁၄ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘီလာရုစ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး သမ္မတအလက်ဇန္ဒားလူကာရှန်ကိုနှင့် တွေ့ဆုံကာ စစ်လက်နက်ထုတ်လုပ်သည့်နေရာများသို့ သွားရောက် လေ့လာကြည့်ရှုခဲ့သည်။

“အဆွေတော်၏ ကိုင်တွယ်ဆောင်ရွက်နေပုံများကို သဘောကျ” ကြောင်း လူကာရှန်ကိုက မင်းအောင်လှိုင်ကို ပြောကြားကြောင်းနှင့် ဘီလာရုစ်အနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ရန် အဆင်သင့်ရှိနေကြောင်း ဘီလာရုစ်နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။ အဆိုပါတွေ့ဆုံမှုအတွင်း လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံသည် ဘီလာရုစ်နိုင်ငံ၏ ဆိုဗီယက်ခေတ် air 2K12 Kub ဒုံးပျံကို အဆင့်မြှင့်တင်ထားသော Kvadrat-M SAM ဒုံးပျံစနစ်ကို ဝယ်ယူခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်ပြီး အဆိုပါ ဒုံးပျံစနစ်ကို ၂၀၁၆ ခုနှစ် နေပြည်တော်၌ ကျင်းပခဲ့သည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား မှတ်တမ်းဓာတ်ပုံများတွင် တွေ့မြင်ခဲ့ရသည်။

အကြမ်းဖက်စစ်တပ်၏ကိုယ်ခွဲဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်မှူးချုပ်ခင်အောင်မြင့်(အငြိမ်းစား) ဦးဆောင်သော လွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ဘီလာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် လူကာရှန်ကိုနှင့် တွေ့ဆုံခဲ့ပြီး စစ်လက်နက်ရောင်းချမှုနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ “ကျွန်ုပ်တို့အနေဖြင့် ဘီလာရုစ်နိုင်ငံကဲ့သို့ ယုံကြည်အားကိုးရတဲ့ မိတ်ဖက်များ လိုအပ်ပါတယ်” ဟု ခင်အောင်မြင့်က လူကာရှန်ကို ကိုပြောကြားခဲ့သည်။အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် စစ်ဘက်သုံးယာဉ်များ ထုတ်လုပ်သည့် Minsk Wheel Tractor Plant စက်ရုံသို့လည်း သွားရောက်လည်ပတ်ခဲ့ကြသည်။

ရိုဟင်ဂျာလူမျိုးများအပေါ်  စစ်တပ်က “နယ်မြေရှင်းလင်း စစ်ဆင်ရေး” စတင်လုပ်ဆောင်အပြီး ၂၀၁၇ ခုနှစ်တွင် ပူးတွဲကော်မရှင်၏ ဆယ်ကြိမ်မြောက်အစည်းအဝေးကို နေပြည်တော်၌ ကျင်းပ ခဲ့သည်။ မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုအတွင်း စစ်ဘက်သုံးပစ္စည်းပြုပြင်ခြင်းနှင့် အဆင့်မြှင့် တင်ခြင်းဆိုင်ရာများ၊ လွှဲပြောင်းပေးပို့မှုဆိုင်ရာများ၊ နည်းပညာများလွှဲပြောင်းပေးအပ်နိုင်ခြေ နှင့်အတူ ခေတ်မီစစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ခြင်းဆိုင်ရာများ အပါအဝင် ကျယ်ပြန့်သည့် နယ်ပယ်များစွာတွင် ပူးပေါင်း‌ဆောင်ရွက်နိုင်ရေးအတွက် ဘီလာရုစ်နိုင်ငံမှ ကမ်းလှမ်းခဲ့သည်။

နှစ်နိုင်ငံ နောက်ဆုံးအကြိမ်စစ်ဘက်ဆိုင်ရာအစည်းအဝေးကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း ဦးဆောင်သည့် လေကြောင်းရန်ကာကွယ်ရေးဌာနချုပ် ကိုယ်စား လှယ်အဖွဲ့တစ်ဖွဲ့ ဘီလာရုစ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့စဉ်က ကျင်းပခဲ့နိုင်သည်။ အဆိုပါ အစည်းအဝေးတွင် လေကြောင်းရန်ကာကွယ်ရေး ပူးတွဲစီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြသည်။

မြန်မာနိုင်ငံတွင် ရက်စက်ကြမ်းကြုတ်လှသည့် တရားမဝင်အာဏာသိမ်းမှုဖြစ်ပွားချိန်မှစတင်၍ ဘီလာရုစ်နိုင်ငံပိုင်မီဒီယာများမှ ငြိမ်းချမ်းစွာဆန္ဒပြသူများအား အကြမ်းဖက်သူများအဖြစ် ပုံဖျက်ခြင်း၊ တပ်မတော်နေ့ စစ်တပ်၏အရပ်သားပြည်သူများအား အစုအပြုံလိုက်သတ်ဖြတ်မှု အပေါ်တွင်ပင် ဆန္ဒပြသူများအားပြစ်တင်ပုံချခြင်းများအပါအဝင် အာဏာသိမ်းစစ်တပ်ကို အားပေး ထောက်ခံသော ဝါဒဖြန့်ချီမှုများကို ဖော်ပြခဲ့ကြသည်။ 

ထိုသို့ဝါဒဖြန့်လုပ်ဆောင်မှုများသည် ပြီးခဲ့သည့်မေလအတွင်း ဘီလာရုစ်သမိုင်းတွင် အကြီးမားဆုံးဆန္ဒပြမှုများဖြစ်ပွားအပြီး၊ အဆိုပါ ဒီမိုကရေစီလှုပ်ရှားမှုများအပေါ် ဘီလာရုစ်အစိုးရက ရက်စက်ကြမ်းကြုတ်သည့်ဖြိုခွဲမှုများ ပြုလုပ်ပြီး နောက်ပိုင်း ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ 

မြန်မာစစ်တပ်နှင့် ၎င်းတို့၏ အာဏာသိမ်းကြိုးပမ်းမှုအား ဘီလာရုစ်အာဏာရှင်၏ ပံ့ပိုးထောက်ခံမှု များကို Justice For Myanmar အဖွဲ့အနေဖြင့်  ကန့်ကွက်ရှုတ်ချပြီး၊  လူကာရှန်ကိုအစိုးရသည် ဒီမိုကရေစီအရေး ရုန်းကန်လှုပ်ရှားမှုများတွင် ရဲရင့်စွာပေးဆပ်လျှက်ရှိသည့် ဘီလာရုစ်ပြည်သူများကို ကိုယ်စားမပြု ကြောင်း သတ်မှတ်သည်ဟု Justice For Myanmar အဖွဲ့က ထုတ်ပြန်ထားပါသည်။ 

ဘီလာရုစ်အာဏာရှင်အစိုးရက ကြမ်းကြုတ်ရက်စက်သည့် ရာဇဝတ်မှုများကျုးလွန်နေသော မြန်မာစစ်တပ်ကို ထောက်ပံ့အားပေးနေသော လုပ်ရပ်ဖြစ်သည့် လက်နက်ရောင်းချမှုနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအားလုံး မဖြစ်မနေ ရပ်ဆိုင်းရပါမည်။  မြန်မာစစ်တပ်အား တစ်ကမ္ဘာလုံးမှ စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေး တောင်းဆိုချက်ကို ထပ်မံ တောင်းဆို ကြောင်းလည်း  Justice  For Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

JFM 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013