DVB Logo
Home
မြန်မာသတင်း
လူသားချင်းစာနာမှုအကူအညီများကို စစ်တပ်က လက်နက်သဖွယ်အသုံးပြုနေမှု ရပ်တန့်ပေးရန် တောင်းဆို
DVB
·
June 20, 2021
လူသားချင်းစာနာမှုအကူအညီများကို စစ်တပ်က လက်နက်သဖွယ်အသုံးပြုနေမှု ရပ်တန့်ပေးရန် တောင်းဆို
Donate to DVB

မြန်မာအကြမ်းဖက်စစ်အုပ်စုဟာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို လက်နက်အဖြစ် အသုံးပြုနေတာကို ရပ်တန့်ပေးဖို့  အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၈၈ ဖွဲ့က  နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ဇွန်လ ၂၀ ရက်မှာကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ အရပ်ဘက်အဖွဲ့အစည်းတွေက   ပူးတွဲကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသတွေမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ နှစ်သိန်းခွဲ ကျော်ရှိနေပြီး  စစ်အုပ်စုဟာ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ လိုအပ်သူတွေထံ အကူအညီပို့ဆောင်မှုတွေကို အကြိမ်ကြိမ် ဟန့်တားနှောင့်ယှက်ခဲ့တယ်လို့ဆိုပါတယ်။

ကရင်၊ ကချင်၊ ကရင်နီ၊ ချင်းနဲ့ ရှမ်းပြည်နယ်တွေအပါအဝင် တိုင်းရင်းသားဒေသတွေမှာ ပြည်သူတွေ သိုလှောင်ထားတဲ့ အစားအစာတွေကို စစ်တပ်က တမင်သက်သက် ဖျက်ဆီးပစ်ခဲ့တာရှိသလို  ဇွန်လ ၈ ရက်နေ့က ကရင်နီစစ်ဘေးရှောင်တွေအတွက် ဖယ်ခုံမြို့နယ်သို့ သယ်ဆောင်သွားတဲ့ ဆန်၊ ဆေးနဲ့  တခြားမရှိမဖြစ် လူသားချင်းစာနာမှု အကူအညီပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတွေပါ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေကဆိုပါတယ်။

ကယ်ဆယ်ရေးပစ္စည်းတွေကို တမင်သက်သက် တားဆီးပိတ်ပင်ခြင်းအားဖြင့် ပြည်သူတွေ ငတ်မွတ်မှုကို အသုံးချပြီး စစ်ပွဲနည်းနာတစ်ခုအဖြစ် အသုံးပြုတာဟာ စစ်ရာဇဝတ်မှုဖြစ်တယ်၊ ဒါ့အပြင် စစ်တပ်က လူသားချင်းစာမှုအကူအညီပေးတဲ့ လုပ်သားတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို  ပစ်မှတ်ထားအနှောင့်အယှက်ပေးတာ၊ သတ်ဖြတ်တာ၊ ထိခိုက်ဒဏ်ရာရရှိစေတာ၊ ဥပဒေမဲ့ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဒီကနေ့ ကြေညာချက်မှာဖော်ပြပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကနေ လွတ်‌မြောက်ဖို့ ကြိုးပမ်းကြတဲ့ တိုင်းရင်းသားပြည်သူတွေဟာ  အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ  ခိုလှုံခွင့် မရဘဲ ရှိနေကြသလို ထိုင်းနိုင်ငံအတွင်းသို့ ခေတ္တဝင်ရောက်တိမ်းရှောင်ကြတဲ့ ဒုက္ခသည်တွေလည်း UNHCR နဲ့ INGO တွေရဲ့  အကူအညီတွေ လက်လှမ်းမမီနိုင် ဖြစ်နေတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ လူသားချင်းစာနာထောက်ထားဆိုင်ရာ အကူအညီပေးတဲ့အခါမှာ စစ်အုပ်စုအား တရားဝင်မှု မရှိစေဘဲဆောင်ရွက်ဖို့၊  စစ်တပ်အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို သူ့ရဲ့  အကြမ်းဖက်မှု စစ်ဆင်ရေးမှာ လက်နက်သဖွယ် ထပ်မံအသုံးပြုမှု မရှိစေရေး သေချာစွာ လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်။

ဒါ့အပြင် နယ်စပ်ဖြတ်ကျော် အကူအညီတွေအပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို၊ အကူအညီပေးရာမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။

အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း ဒုက္ခသည်တွေကို ခိုလှုံခွင့် ပြုခြင်းအားဖြင့် ဒုက္ခသည်တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့နဲ့ UNHCR နဲ့ နိုင်ငံတကာ NGO တွေသာမက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကလည်း လျှင်မြန်ပြီး ကန့်သတ်တားဆီးမှု မရှိတဲ့ အ‌ထောက်အပံ့ကူညီမှုတွေကို လက်လှမ်းမှီနိုင်ရေးလုပ်ဆောင်ဖို့လည်း အကြံပြုတိုက်တွန်းထားပါတယ်။

အဆိုပါထုတ်ပြန်ကြေညာချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်း ၄၈၈ ဖွဲ့က လက်မှတ် ရေးထိုးထားပြီး ဒီအဖွဲ့တွေထဲမှာ တိုင်းရင်းသားအရပ်ဘက်အဖွဲ့အစည်းတွေ အများစုပါဝင်ကာ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေနဲ့ မြန်မာရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်ပါတယ်။

စစ်ကောင်စီရဲ့ မီဒီယာတွေမှာတော့ ကယားပြည်နယ်မှာ အကြမ်းဖက်သမားတွေကို ထောက်ပံ့မယ့် အသုံးအဆောင်ပစ္စည်းတွေနဲ့  ဆေးဝါးတွေ ဖမ်းဆီးရမိကြောင်း ဇွန် ၁၄ က သတင်းထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013