
မြန်မာပြည်တွင်းထုတ်ဒီဇယ်တွေကို စစ်အာဏာရှင်က လယ်ယာလုပ်ငန်းအတွက် ထောက်ပံ့ ပေးနေပေမဲ့ လယ်သမားတွေကတော့ ထွန်စက်ကြီးတွေ မောင်းဖို့ မသုံးရဲကြဘူးလို့ သိရပါတယ်။
ပြည်တွင်းထုတ်ဒီဇယ်တွေကို အချိန်ခါမီလုပ်ကိုင်ရတဲ့ လယ်ယာလုပ်ငန်းအတွက် အစမ်းသပ်ခံအဖြစ် ဧပြီ ၂၀ ရက်ကစပြီး တောင်သူတယောက်ကို တဂါလန်၊ ကျပ် ၁၀,၀၀၀ နှုန်းနဲ့ စတင်ဖြန့်ချိ နေပါတယ်။
အစိမ်းရောင်ရှိတဲ့ အဲဒီ ဒီဇယ်တွေက နိုင်ငံခြားကတင်သွင်းလာတဲ့ ဆီအရည်အသွေးကို မမီတာ ကြောင့် တောင်သူတွေအသုံးပြုတဲ့ ရေတင်စက်၊ လယ်ထွန်စက် စတဲ့စက်အသီးသီးမှာ သုံးစွဲနိုင်တာ မရှိဘူးလို့ ပွင့်ဖြူမြို့နယ်က မိုးကြိုနှမ်းစိုက်ပျိုးထားတဲ့ တောင်သူတယောက်က ပြောပါတယ်။
“ပရီမီယံအဆင့်တော့မရှိဘူး။ တလုံးထိုးတော့ မောင်းလို့ရတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကျော် လောက်က ဆီရှားတုန်းက ညောင်ညိုဆိုလား ရေနံကိုချက်တာ အဲဒီ အဆင့်တော့ရှိမှာပေါ့။ တလုံးထိုးပဲ မောင်းရတယ်လေ။ ဟိုလိုမျိုး ထွန်စက်ကြီးတွေကျတော့မရဘူး။ နှစ်လုံးထိုးတို့၊ လေးလုံးထိုး တို့ကျတော့ ပန့်တွေကလည်း ဈေးကြီးတယ်ဆိုတော့ကျ အဲဒီလိုဒီဇယ်မျိုးတွေ ထည့်မမောင်းရဲကြဘူးပေါ့။ မောင်းရင် ပန့်ဈေးက ဈေးကြီးတော့ ပန့်လဲရတာပေါ့။”
စစ်အာဏာရှင်အစိုးရဟာ အဲဒီ ဒီဇယ်ဆီတွေကို နေပြည်တော်အပါအဝင် မကွေးတိုင်း၊ မန္တလေးတိုင်း စတဲ့ မိုးကြိုသီးနှံတွေရှိနေသေးတဲ့ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ကျေးရွာအရောက် ဖြန့်ချိ ပေးနေတာလို့ ဆိုပါတယ်။
တကယ်တော့ လယ်ယာလုပ်ငန်းဟာ မိုးလေဝသအခြေနေနဲ့ ပိုးမွှားရောဂါကျရောက်မှုစတဲ့ အခြေနေတွေပေါ်မှာ အချိန်ခါမီ ဆောင်ရွက်ရတာဖြစ်လို့ အရည်အသွေးရှိတဲ့ စက်သုံးဆီတွေကို အချိန်မရွေးလိုအပ်တာကို ဝယ်ယူလို့ရအောင် နီးစပ်ရာစက်သုံးဆီဆိုင်တွေမှာ ဝယ်ယူနိုင်ဖို့ လယ်သမားတွေက မျှော်လင့်နေကြတာပါ။
လယ်ယာလုပ်ငန်းအတွက် ဒီဇယ်တလီတာကို ကျပ် ၇,၆၀၀ ဖြစ်နေပေမဲ့ စက်သုံးဆီဝယ်ယူလို့မရတဲ့ တောင်သူတွေဟာ အစိမ်းရောင်ဒီဇယ် တဂါလန်ကိုပဲ လိုအပ်တဲ့အချိန်မှာ အနီးစပ်ဆုံး စက်သုံးဆီ အရောင်းဆိုင်တွေကနေ ဝယ်ယူနိုင်ဖို့ မျှော်လင့်နေကြတာလို့ ပွင့်ဖြူနယ်က ကုလားပဲ စိုက်ပျိုးသူ တောင်သူတယောက်က ပြောပါတယ်။
“တဧကကို အခုလက်ရှိပေးနေတာ တဂါလန်ပေါ့။ ဈေးက ၁၀,၀၀၀ ပေါ့။ အဲဒီလိုမျိုးပေးရင် ကောင်းတာပေါ့။ ပန့်ဆိုင်တွေကို ထောက်ခံချက်နဲ့ပေါ့။ ရပ်ကျေး လယ်စီထောက်ခံချက်တွေနဲ့ ပေးရင် ပိုကောင်းတာပေါ့။ နွေစပါးဘက်မှာတော့ ပေးနေတာတွေ့တယ်ပေါ့။ ကျန်တဲ့ နေရာတွေ တော့ မျှော်လင့်နေရတာပေါ့။”
လက်ရှိမှာ အယ်လ်နီညိုရာသီဥတုကို နှစ်လယ်ပိုင်းကစပြီး ကြုံတွေ့ရမှာဖြစ်လို့ မိုးခေါင်တာ၊ မိုးလွန်တာ၊ မြေဆီလွှာခြောက်သွေ့တာစတာတွေကိုကြုံတွေ့ရမှာဖြစ်လို့ သီးနှံပျက်စီးထိခိုက်မှုနဲ့ ကြုံရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် တောင်သူတွေလိုအပ်တဲ့ စက်သုံးဆီကို ဈေးရောင်းပွဲတော်တခုလို အကန့်အသတ်နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။
လတ်တလော တောင်သူတွေအတွက် စက်သုံးဆီဖြန့်ချိနေတာက လုံလောက်တဲ့ အနေထား မဟုတ်လို့ ထွန်ရေးထယ်ရေးလုပ်ငန်းတွေကို လျှော့ချနေရပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ သီးနှံ အရည်အသွေးညံ့ပြီး အထွက်နှုန်းလည်း ကျဆင်းနိုင်တယ်လို့ မကွေးမှာ မိုးကြိုနှမ်းစိုက်ပျိုးထားတဲ့ တောင်သူက ပြောပါတယ်။
“တရာသီတော့ မလုံလောက်တာတော့ အမှန်ပဲ။ လုံးလုံးကြီး မရှိတာထက်စာရင် ရတာလေး ထုတ်နေရတာပေါ့။ အဆင်ချောဖို့အရေးကတော့ ဆီကို မျှတခုတ်ရတာပေါ့။ နှစ်စပ်လောက် ခုတ်မဲ့ နေရာမှာ တစပ်လောက် ခုတ်တာပေါ့။ လယ်တို့ ယာတို့သီးနှံတွေက ထွန်ရေးကောင်းကောင်း ထွန်ရမဲ့ ကိစ္စတွေကို ထွန်ရေးကောင်းကောင်း မထွန်ုနိုင်ရင် သီးနှံကသေချာပေါက်တော့ ယုတ်တော့ ယုတ်မှာပေါ့။”
စစ်အာဏာရှင်အစိုးရရဲ့ အစမ်းသပ်ခံဒီဇယ် မစို့မပို့ရောင်းချတဲ့အစီစဥ်က မကွေး၊ မန္တလေးနဲ့ နေပြည်တော်အပြင် ပဲခူးတိုင်းတို့မှာ ဂါလန်ပေါင်း ၇.၆၀၉ ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။











