DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်အုပ်စုပစ်သတ်မှုကြောင့် ကျဆုံးပြည်သူပေါင်း ၈၇၀၊ ဖမ်းဆီးခံ ၆၁၀၀ ကျော်ရှိလာ
DVB
·
June 19, 2021
အကြမ်းဖက်စစ်အုပ်စုပစ်သတ်မှုကြောင့် ကျဆုံးပြည်သူပေါင်း ၈၇၀၊ ဖမ်းဆီးခံ ၆၁၀၀ ကျော်ရှိလာ
Donate to DVB

မတရားအာဏာသိမ်းကာလ ၄ လခွဲအကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၇၀ ယောက် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၁၈ ရက်အထိ မှတ်တမ်းပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ကာ အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထား ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၁၆၄ ယောက် ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၄၉၈၃ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁၈၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၃၇ ယောက်ရှိနေပြီး သူတို့ထဲက ၃၁ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ၊ ၅ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်စီ အသီးသီး မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရလို့ တိမ်းရှောင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇွန် ၁၅ ရက်နေ့မှာတော့ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၊ ကွမ်းစိုက် ကျေးရွာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(UDSP) ဥက္ကဋ္ဌဟောင်းတယောက် ဓားထိုးခံခဲ့ရပြီးနောက် အကြမ်းဖက်စစ်တပ်က ကျေးရွာအတွင်းက အမျိုးသား ၃၈ ယောက်ကို ဖမ်းဆီးစစ်ကြောမေးမြန်းချိန်မှာ ရွာသား၂ ယောက်ဖြစ်ကြတဲ့ ဦးစိန်ဝင်းနဲ့ ကို ချစ်ကိုတို့ဟာ ဇွန် ၁၆ ရက်နေ့မှာ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ ကျဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် မကွေးတက္ကသိုလ်ကျောင်းသား ကိုနိုင်လင်းထွန်း (ခ) နောင်သူရိန်ကို  မ ကွေးဗဟိုအကျဉ်းထောင်တွင်းတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)-ဂ နဲ့ ဇွန် ၁၆ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

တရက်တည်းမှာပဲ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်တွင်း တရားရုံးက မင်းလှမြို့နယ် DVB CJ သတင်းထောက်တယောက်ဖြစ်သူ ကိုသက်နိုင်ဝင်းကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်း တင်နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်သီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး၊ အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013