
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်မှာ အခြေစိုက်ပြီး အမေရိကန်နိုင်ငံသားတွေကို အဓိကထား လိမ်လည်နေတဲ့ 'ထိုက်ချန်း' (Tai Chang) အွန်လိုင်းငွေလိမ်ဂိုဏ်းက ငွေကြေးတွေကို သိမ်းဆည်းနိုင်ဖို့ သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ဆုငွေချီးမြှင့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၃ ရက်မှာ ကြေညာလိုက်ပါတယ်။
အမေရိကန် တရားရေးဝန်ကြီးဌာနရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းရေး အထူးတပ်ဖွဲ့ (Scam Center Strike Force) ကို အထောက်အကူပြုဖို့အတွက် အခုလို နိုင်ငံတကာဖွဲ့စည်းပုံပါ ရာဇဝတ်မှုများ ဆုငွေချီးမြှင့်ရေး အစီအစဉ် (TOCRP) အရ ဆုငွေထုတ်လိုက်တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ သောမတ်စ် ပီဂေါ့က ထုတ်ပြန်ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အဆိုအရ အရှေ့တောင်အာရှ အခြေစိုက် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်း (TCOs) တွေဟာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ အကြီးအကျယ် လိမ်လည်နေကြတာမှာ အမေရိကန်အစိုးရရဲ့ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ် တနှစ်တည်းမှာပဲ အမေရိကန်နိုင်ငံသားတွေဟာ အရှေ့တောင်အာရှက ငွေလိမ်ဂိုဏ်းတွေကြောင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ထိုက်ချန်းဆိုတာကတော့ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး အထူးသဖြင့် ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှု အယောင်ပြ လိမ်လည်မှုတွေကို နေရာသုံးခုခွဲပြီး ကျူးလွန်နေတဲ့ အဆောက်အအုံ စုအဝေးကြီးပဲ ဖြစ်ပါတယ်။
အဲဒီလိမ်လည်သူတွေဟာ ရရှိလာတဲ့ ငွေကြေးတွေကို ခရစ်ပတို ဒစ်ဂျစ်တယ်ငွေကြေးတွေအဖြစ် ပြောင်းလဲ သိမ်းဆည်းလာကြတဲ့အတွက်၊ ဒီဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာဟာ ရာဇဝတ်မှုတွေကို ဖြိုခွဲဖို့ အကောင်းဆုံး လက်နက်ဖြစ်လာပါတယ်။
ဒါကြောင့် ဒီဂိုဏ်းတွေရဲ့ ဘဏ္ဍာရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်မဲ့ သတင်းအချက်အလက်တွေ ပေးပို့ဖို့ အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။
အမေရိကန် တရားရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံမှာ ငွေလိမ်ဂိုဏ်း ဖွင့်ထားပြီး ကမ္ဘောဒီးယားမှာပါ ထပ်မံချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ တရုတ်နိုင်ငံသား ၂ ယောက်ကို တရားစွဲဆိုထားသလို၊ လိမ်လည်ရာမှာ အသုံးပြုတဲ့ ဝက်ဘ်ဆိုက် ၅၀၃ ခုနဲ့ လူကုန်ကူးရာမှာသုံးတဲ့ Telegram Channel တခုကိုလည်း သိမ်းဆည်းထားပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားက ငွေလိမ်ဂိုဏ်းတွေကို ချုပ်ကိုင်ထားတဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော်အမတ် ကိုက်အန်နဲ့ သူ့ရဲ့ ကွန်ရက်ထဲက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၈ ခုကိုလည်း ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။
သတင်းပေးပို့ချင်သူတွေအနေနဲ့ မိမိတို့ရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို လျှို့ဝှက်ထားပေးမှာ ဖြစ်ပြီး၊ အမေရိကန်ပြင်ပကဆိုရင် FBI အီးမေးလ် [email protected] သို့မဟုတ် နီးစပ်ရာ အမေရိကန်သံရုံးတွေဆီ ဆက်သွယ် သတင်းပေးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှု ကင်းမဲ့သွားတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Centers) တွေ ကြီးထွားရာ ဗဟိုချက် ဖြစ်လာခဲ့ပါတယ်။
အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်မှာ ရွှေကုက္ကို၊ KK Park ၊ Dongmei နဲ့ အခု အမေရိကန်က ဆုငွေထုတ်လိုက်တဲ့ ကျောက်ခတ်အနီးက ထိုက်ချန်း စတဲ့ ဧရာမ ငွေလိမ်ဂိုဏ်း အဆောက်အအုံကြီးတွေဟာ လူသိထင်ရှား ကြီးထွားလာခဲ့တာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံက ဒီငွေလိမ်ဂိုဏ်းတွေထဲမှာ နိုင်ငံတကာကနေ လူကုန်ကူးခံရပြီး အတင်းအကျပ် ခိုင်းစေခံနေရသူပေါင်း အနည်းဆုံး ၁၂,၀၀၀၀ ကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။
ဒီလို ဧရာမ ရာဇဝတ်မှုလုပ်ငန်းကြီးတွေဟာ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကာအကွယ်မပါဘဲ လုံးဝရပ်တည်နိုင်စွမ်း မရှိပါဘူး။
အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) ၊ C4ADS နဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေရဲ့ အစီရင်ခံစာတွေအရ ကရင်ပြည်နယ်က ဒီငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ရဲ့ လက်အောက်ခံဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ် (BGF) (လက်ရှိ ကရင်အမျိုးသားတပ်မတော် KNA ဟု အမည်ပြောင်းထား) နဲ့ ခွဲထွက် DKBA တပ်ဖွဲ့တွေက အဓိက လုံခြုံရေးယူပေးထားတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်နဲ့ BGF တပ်တွေဟာ တရုတ် ရာဇဝတ်ဂိုဏ်းတွေဆီကနေ မြေနေရာ ငှားရမ်းခ၊ လျှပ်စစ်မီးနဲ့ အင်တာနက် သွယ်တန်းခ၊ လုပ်ငန်းလုံခြုံရေး ယူပေးတဲ့ 'ကာကွယ်ကြေး' တွေကနေ နှစ်စဉ် ဒေါ်လာ သန်းရာနဲ့ချီ အကျိုးအမြတ် ရရှိနေကြပါတယ်။
ဥပမာအားဖြင့် ရွှေကုက္ကို စီမံကိန်းကနေ တနှစ်ကို ဒေါ်လာ ၁၉၂ သန်းလောက် ဝင်ငွေရနေပြီး၊ အဲဒီအထဲက ၅၀ ရာခိုင်နှုန်းလောက်ကို အာဏာသိမ်းစစ်တပ်ဆီ ခွဲဝေပေးနေရတယ်လို့ USIP အစီရင်ခံစာက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်က စစ်တပ်ဟာ ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းနေတယ်လို့ နိုင်ငံတကာကို ဟန်ပြဖို့ မြဝတီက KK Park ကို ဝင်ရောက်စီးနင်းတာတွေ လုပ်ပြခဲ့ပေမဲ့ တကယ်တမ်း မြေပြင်မှာတော့ အဲဒီဂိုဏ်းတွေကို တခြား လုံခြုံတဲ့နေရာသစ်တွေဆီ ရွှေ့ပြောင်းခွင့်ပေးထားပြီး စစ်အုပ်စုနဲ့ အကျိုးတူ လက်နက်ကိုင်တွေက ဆက်လက် အကာအကွယ်ပေးထားဆဲ ဖြစ်တယ်လို့ ဒေသခံတွေနဲ့ လေ့လာသူတွေက ထောက်ပြထားပါတယ်။










