
အတုအယောင်ရွေးကောက်ပွဲကနေပေါ်ပေါက်လာတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် အသီးသီးမှာ ဧပြီ ၆ ရက် ဒီနေ့မနက်က သက်ဆိုင်ရာ ဝန်ကြီးချုပ်တွေကို အာဏာသိမ်း စစ်ခေါင်းဆောင်က ခန့်အပ်လိုက်ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ကိုကိုးကျွန်းမြို့နယ်ကနေ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ဝင်ပြိုင်ခဲ့တဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် အငြိမ်းစား ဒုရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူကို ခန့်ထားခဲ့ပါတယ်။
စစ်အုပ်စုနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က “ရန်ကုန်နဲ့ မွန်ပြည်နယ်မှာ ဒုရဲချုပ်အောင်နိုင်သူနဲ့ ဗိုလ်မှူးချုပ်အောင်ဝင်းသန်းက ဝန်ကြီးချုပ်ဖြစ်မယ် ဆိုတာ လွှတ်တော်စခေါ်တည်းက သတင်းထွက်နေတာ ဆိုတော့ သမ္မတ အမည်စာရင်းတင်သွင်းရင် သူတို့ကိုပဲ ရွေးချယ်ရမယ်ဆိုတာ တပ်နဲ့ ကြံ့ခိုင်ရေး လက်ဝါးချင်းရိုက်ပြီးသားဖြစ်လို့ အံ့သြစရာမရှိပါဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ခေါင်းဆောင် အမည်တင်သွင်းတဲ့ ဝန်ကြီးချုပ်စာရင်းမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကရင်ပြည်နယ်ဝန်ကြီချုပ် ဦးစောမြင့်ဦးနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ ပြန်ပါလာတာ တွေ့ရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကို မိမိစိတ်တိုင်းကျ ခန့်အပ်တာဟာ အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တယောက်က DVB ကို ပြောပါတယ်။
“ခေါင်းစဥ်သာ ပြောင်းသွားတယ်၊ ဒီလူတွေပဲဆိုတော့ ဒီမူနဲ့ပဲ စစ်တပ်က အုပ်ချုပ်သွားမှာပဲ။ လက်ရှိ ဝန်ကြီးချုပ် ၇ ယောက် ရွေးထားတယ်၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ပဲ ကြံ့ခိုင်ရေးပါတီကလူ၊ ကျန်တဲ့ ၆ ယောက်က စစ်ခေါင်းဆောင်ရဲ့ သစ္စာခံတွေ။”
ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ပုသိမ်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်ကို ရွေးချယ် ခန့်ထားခဲ့ပါတယ်။
လတ်တလောမှာ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ချင်း၊ ရခိုင်၊ ကယား၊ ရှမ်းပြည်နယ်က ဝန်ကြီးချုပ်တွေကို စစ်ခေါင်းဆောင်က အမည်စာရင်းတင်သွင်းခြင်း မရှိသေးပါဘူး။










