
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်အာဏာရှင်တပ်က ဩဂုတ် ၁၄ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် ပြည်သူ တယောက် သေဆုံးပြီး တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
Wetlet Information Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက "မနက် ၈ နာရီကျော်လောက်မှာ စဉ့်ကူးတောင်ခြမ်း ထုံးကြီးရွာမှာ အထိုင်ချနေတဲ့ စစ်အာဏာရှင်တပ်တွေက အဲဒီရွာရဲ့ အနောက်တောင်ဘက် ဆင်သေရွာတောင်ဖျားကို တိုက်ခိုက်ရေး ၄ လက်ပါ ဒရုန်းနဲ့ ဗုံးကြဲသွားလို့ အသက် ၆၀ ဝန်းကျင် ဒေါ်ဝင်းမော်ဟာ နေရာမှာတင် သေဆုံးခဲ့ပြီးတော့ ဒဏ်ရာရသူ တချို့လည်း ရှိခဲ့တယ်။ အိမ်တချို့လည်း ပျက်စီးပါတယ်" လို့ ပြောပါတယ်။
စဉ့်ကူးမြို့နယ် တောင်ဘက်ခြမ်းရှိ ရွှေဂုဏ်တိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ ဝင်တွေဟာ တိုက်ခိုက်ရေးဒရုန်းတွေ အသုံးပြုပြီး ပေါက်ကုန်းကျေးရွာ အတွင်းသို့ ဗုံးသီး ၄ လုံး၊ ရွှေဘယက်ကျေးရွာအတွင်းသို့ ဗုံးသီး ၃ လုံးတို့ကို ဩဂုတ် ၁၄ ရက်မနက်နဲ့ နေ့လယ်ပိုင်းတွေမှာ ဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရွှေဘယက်ကျေးရွာရှိ ဘုန်းကြီးကျောင်းဆောင်နဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ကျန်တဲ့ကျေးရွာတွေမှာ ထိခိုက်ပျက်စီးမှု အခြေအနေတွေကို တော့ မသိရသေးပါဘူး။
စစ်အာဏာရှင်တပ်က စဉ့်ကူးမြို့ တောင်ဘက်ခြမ်းရှိ ထုံးကြီးကျေးရွာ၊ ရွှေဂုဏ်တိုင်ကျေးရွာ၊ ညောင်ပင်ကျေးရွာတွေနဲ့ စဉ့်ကူးမြို့နယ် အနောက်တောင်ဘက် ကျွန်းကြီးကျေးရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချ တပ်စွဲထားကြပြီး အနီးအနား ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်နေတာဖြစ်ပါတယ်။
ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး (စဉ့်ကူး) မှ တာဝန်ရှိသူတယောက်က "စဉ့်ကူးတောင်ခြမ်းမှာ စစ်တပ် အထိုင်ချနေတဲ့ ရွာတွေကနေ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ရွာတွေ ကို ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ နေ့တိုင်းလုပ်နေတဲ့အပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ကိုလည်း မကြာခဏ လုပ်နေတယ်။ မြစ်ကမ်းဘေးက ရွာအများစုမှာရှိတဲ့ ပြည်သူတွေကတော့ တခြားနေရာတွေကို ရွှေ့နေကြတာပေါ့။ တချို့လည်း အကြောင်းအမျိုးမျိုးကြောင့် မပြောင်းရွှေ့ကြ တာတွေ ရှိတယ်လေ။ အဲဒီလိုရွာတွေကို ဗုံးကြဲခံရတော့ ပြည်သူ ထိခိုက် သေဆုံးတာတွေ ရှိတာပေါ့”လို့ ပြောပါတယ်။
လက်ရှိမှာ စဉ့်ကူးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်း အရှေ့ဘက်ဘေးတွင်ရှိ ကျေးရွာတွေမှာ စစ်အာဏာရှင်တပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲမရှိပေမဲ့ စစ်ရေးအခြေအနေ တင်းမာနေပြီး စစ်ဆိုင်ထားတဲ့ အနေအထားရှိတယ်လို့ လည်း ဆက်ပြောပါတယ်။
တိုက်ပွဲတွေဖြစ်လာနိုင်လို့ စဉ့်ကူးမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်း အရှေ့ဘက်ဘေးရှိ ကျေးရွာနေ ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးအခြေအနေအရ ဘေးလွတ်ရာ ဒေသတွေကို ယာယီ ပြောင်းရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ TRI ဗျူဟာက ဩဂုတ် ၁၄ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။











