DVB Logo
Home
နိုင်ငံတကာ
ထိုင်းလူငယ် ၁ ဦး သေနတ်ပစ်ခံရမှုနှင့်ပတ်သက်၍ ရွှေ့ပြောင်းလူငယ်များအား အပူတပြင်းရှာဖွေနေ 
DVB
·
July 15, 2026
Photo: Khaosod  News
Photo: Khaosod News
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဘန်လမွန်းမြို့ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး အသက် ၁၇ နှစ်အရွယ် ထိုင်းလူငယ်တယောက် အပြင်းအထန် ဒဏ်ရာရသွားတာနဲ့ပတ်သက်လို့ တာဝန်ရှိရဲတပ်ဖွဲ့က ကျူးလွန်သူ ရွှေ့ပြောင်းလုပ်သားလူငယ်တွေကို အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဇူလိုင် ၁၃ ရက် မနက် ၆ နာရီလောက်က ဘန်လမွန်းမြို့၊ နောင်ပရီရပ်ကွက်၊ ချိုင်းယားဖရစ်လမ်းထဲမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း အကြောင်းကြားချက် ရတာကြောင့် နောင်ပရီနယ်ထိန်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။

တာဝန်ရှိသူတွေ ရောက်သွားချိန်မှာ သေနတ်ထိမှန် ဒဏ်ရာရသွားတဲ့ ၁၇ နှစ်အရွယ် “အေ” ဆိုသူ ထိုင်းလူငယ်ကိုတော့ ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ညာဘက်နံရိုးမှာ ကျည်ထိသွားတာကြောင့် ခွဲစိတ်ကုသမှု ခံယူနေတယ်။  အခင်းဖြစ်တဲ့နေအိမ်ကတော့ သွပ်မိုးတထပ်အိမ်ဖြစ်ပြီး အိမ်ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ ပုံစံနဲ့အတူ နံရံနဲ့  အိမ်ထဲက ပစ္စည်းတွေပါ  ပျက်စီးနေတာ တွေ့ရပါတယ်။

မျက်မြင်သက်သေတွေကို စစ်ဆေးမေးမြန်းချက်အရ ဒီမတိုင်ခင် ဆိုးသွမ်းလူငယ်တစုဟာ အဲဒီအိမ်ကို ရောက်လာပြီး အိမ်ထဲကလူငယ်နဲ့ စကားများရန်ဖြစ်တယ်၊ တုတ်တွေနဲ့ အိမ်နံရံနဲ့ အိမ်ရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ်ကို ဖျက်ဆီးပြီး ဗွီဒီယိုရိုက်တဲ့လူတွေကို ခြိမ်းခြောက်ကာ ထွက်ခွာသွားတယ်၊ များမကြာခင် နောက်တကြိမ် ပြန်ရောက်လာပြီး အဲဒီအိမ်ထဲက လူငယ်တွေနဲ့ ထိုးကြိတ်ကြတယ်၊ သေနတ်သံ ၃ ချက် ထွက်ပေါ်ပြီး နိုင်းအေကို ထိမှန်ကာ ဆိုးသွမ်းလူငယ်တွေက ဆိုင်ကယ်ကိုပါ ခိုးယူ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

သေနတ်ဒဏ်ရာရသူရဲ့ သူငယ်ချင်းဖြစ်သူ နိုင်းဘီ (၁၈ နှစ်) ရဲ့ ထွက်ဆိုချက်မှာ ဒီမတိုင်ခင် ဒဏ်ရာရသူ နိုင်းအေက သူ့ကို ရွှေ့ပြောင်းလူငယ်တွေက အိမ်ထိလာပြီး ရန်ရှာတယ်လို့ ဖုန်းဆက်ပြောတာကြောင့်  ကူညီဖို့ ရောက်လာတာ အဲဒီမှာ လူငယ် ၃-၄ ယောက် ရောက်နှင့်နေပြီး ထိုးကြိတ်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီပြဿနာက အရင်လတွေကတည်းက ဖြစ်ခဲ့တဲ့  ပြဿနာကနေ စလာတာဖြစ်တယ်၊ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို လာရောက်အရေးယူဖို့ ထိုင်းလူငယ်တွေက နှုတ်ခမ်းမွှေး ဦးဆောင်တဲ့ ထိုင်းမျိုးချစ်ဝါဒီ (ထိုင်းမိုက်ထုန်း) အဖွဲ့ဝင် “ဟဲတီ” ကို တိုင်ကြားခဲ့တယ်။ အဲဒီနောက် လူမှုကွန်ရက်မှာ အပြန်အလှန် ရန်ပြုပြီး စိန်ခေါ်ခဲ့တယ်။ ကမ္ဘောဒီးယားနဲ့ မြန်မာ ရွှေ့ပြောင်းလူငယ်တွေဘက်က ဟဲတီကို အသက်အန္တရာယ်ပြုမဲ့အထိ ရန်ရှာမဲ့အကြောင်း ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်းဘီက အဲဒါနဲ့ပတ်သက်တဲ့ သက်သေအချက်အလက်တွေ၊ မက်ဆင်ဂျာထဲ ပြောဆိုကြတဲ့ အချက်အလက်တွေကိုလည်း ရဲတပ်ဖွဲ့ကို ပေးအပ်ခဲ့ပါတယ်။

အဲဒီနောက် “ဟဲတီ” ကိုယ်တိုင်လည်း နောင်ပရီရဲစခန်းကို ရောက်ရှိလာပြီး ဒီမတိုင်ခင်က သူဟာ  တဖက်အုပ်စုနဲ့  ခိုက်ရန်ဖြစ်ပွားဖူးပြီး အမှုအခင်းရှိနေတဲ့အကြောင်း အတည်ပြုခဲ့တယ်၊ ဒါ့အပြင်  တဖက်အုပ်စုက လူမှုကွန်ရက်ပေါ်မှာ သူ့ကို လိုက်လံရှာဖွေပြီး အသက်အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်ထားကြောင်း အချက်အလက် သက်သေတွေကို ရဲထံပေးအပ်ကာ သူ့ကို ဥပဒေအရ အကာအကွယ်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ အဲဒီကိစ္စမှာ ကမ္ဘောဒီးယားနဲ့ မြန်မာလုပ်သားတွေနဲ့ သက်ဆိုင်တယ်လို့ တိုင်ကြားထားတယ်၊ သတင်းတွေလည်း ထွက်ပေါ်နေတယ် ဆိုပေမဲ့ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်။ ဒါ့အပြင် သက်သေခံပစ္စည်းတွေ စုဆောင်းတာ၊ သက်ဆိုင်သူတွေ ခေါ်ယူစစ်ဆေးတာ၊ စီစီတီဗီကင်မရာ မှတ်တမ်းတွေ ပြန်စစ်တာတွေ လုပ်နေကာ ဖြစ်ရပ်မှန်ဟာ သက်သေခိုင်လုံမှုပေါ် မူတည်ပြီး ပြစ်မှုကျူးလွန်ပါက ဘယ်သူ့ကိုမဆို ဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းရဲက ပြောသွားပါတယ်။

Source: MGR Online / Khaosod  News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013