DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့နယ်၌ မြေရှားသတ္တု စမ်းသပ်တူးဖော်မှု ဒေသခံများ စိုးရိမ်
DVB
·
August 19, 2026
နမ့်ခမ်းမြို့နယ်၌ မြေရှားသတ္တု စမ်းသပ်တူးဖော်မှု ဒေသခံများ စိုးရိမ်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ တအာင်းကျေးရွာမှာ မြေရှားသတ္တု စမ်းသပ်တူးဖော်နေတဲ့အပေါ် စိုးရိမ်ပူပန်နေတယ်လို့ တအာင်းဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့တွေက ပြောပါတယ်။

နမ့်ခမ်းမြို့နယ်က မန်စပ်၊ မန်ပူးနဲ့ မန်ပန် အစရှိတဲ့ တအာင်းကျေးရွာတွေမှာ ပြီးခဲ့တဲ့ မေလကစပြီး တရုတ်စကားပြော လူစိမ်းအုပ်စုတွေဟာ ဒေသခံတွေကို ကြိုတင်အသိပေးတာမရှိဘဲ လက်ဖက်ခြံတွေအတွင်း ဝင်ရောက်ကာ သံချောင်းပိုက်တွေနဲ့ မြေရှားသတ္တု စမ်းသပ်ကျင်းတွေ တူးဖော်ခဲ့ကြတာလို့ “အမြတ်ထုတ်ခံနေရသော နယ်စပ်မြေပြင်” ဆိုတဲ့ အစီရင်ခံစာတစောင်ကို တအာင်းသဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့ (TEWG) က ဩဂုတ် ၁၀ ရက်က ထုတ်ပြန်ပြောပါတယ်။

မြေရှားသတ္တု စမ်းသပ်တူးဖော်မှုတွေ ပြုလုပ်နေတာကို တွေ့ရှိရတာကြောင့် ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ သဘာဝပတ်ဝန်းကျင်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ရှိလာတယ်လို့  TEWGက ဆိုပါတယ်။

တအောင်းကျေးရွာတွေက ဒေသခံအမျိုးသမီးတယောက်ကလည်း ဇွန်လတုန်းက လက်ဖက်ခူးနေချိန်မှာ လက်ဖက်ခြံအနီးအနားမှာ တရုတ်စကားပြောဆိုသံတွေ၊ သံချောင်းခေါက်သံတွေ ကြားခဲ့ရပြီး ထိတ်လန့်သွားတယ်လို့ DVB ကို ပြောပြပါတယ်။

အဲဒီ စမ်းသပ်ကျင်းတွေကို မန်စပ်ရွာမှာ ၁၆ ပေါက်၊ မန်ပူးရွာမှာ အပေါက် ၂၀ နဲ့ မန်ပန်ရွာမှာ အပေါက် ၄၀ ကျော်အထိ တူးဖော်ထားပြီး အနက် အနည်းဆုံး ၁ ပေကနေ ပေ ၃၀ ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။

TEWG တာဝန်ရှိသူတယောက်ကတော့ ဒေသခံတွေဟာ ဒီလို ကျင်းတူးဖော်မှုတွေကို တွေ့ရှိခဲ့ကြပေမဲ့ ဒါဟာ မြေရှားသတ္တု စမ်းသပ်ကျင်းတွေ တူးဖော်ထားကြမှန်း မသိကြဘူးလို့ ဆိုပါတယ်။  ဒါကြောင့် ဒေသခံတွေကို အသိပညာပေးလုပ်ငန်းတွေ လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

TEWG တာဝန်ရှိသူတယောက်က “အခု သူတို့ တူးတဲ့နေရာက အဲဒီနေရာမှာတော့ အဲဒီ ကျေးရွာတွေရဲ့ အသက်မွေးဝမ်းကျောင်းကို ကြည့်တဲ့အခါမှာ အကုန်လုံးကတော့ လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်။ အဲတော့ ဒီအချိန်မှာ အခုက သူတို့ တူးတဲ့နေရာက ဘယ်နေရာတွေ ဖြစ်လဲ ဆိုလို့ရှိရင်တော့ အထူးသဖြင့်ကတော့ ဒီ စားကျက်မြေ၊ ကျွဲနွား တိရစ္ဆာန်တွေ လွှတ်ထားတဲ့ နေရာတွေ ဖြစ်တယ်။ နောက်တချက်က ဒီတောင်သူတွေက ဘာလုပ်ရမလဲ ဆိုတဲ့ အဆင့်ထိ မသွားခင်မှာ သူတို့ အနေနဲ့က ဒီ မြေရှားကျင်းတူးတယ် ဆိုတာက သူတို့ကိုယ်တိုင်က ဒါကို ဘာကျင်းမှန်းကို မသိဘဲ ဖြစ်နေတာ။ ကျနော်တို့ လေ့လာသလောက်ပေါ့၊ ကျနော်တို့ ဘာဆက်လုပ်ဖို့တော့ရှိလဲ ဆိုရင် လူထုတွေကို ဒီ မြေရှားနဲ့ ပတ်သက်ပြီးတော့ ဗဟုသုတ ကြွယ်ဝလာအောင် ကျနော်တို့က အသိပညာပေးဖို့လည်း လုပ်ငန်းတွေလည်း ဒါကတော့ ရှိမှာပေါ့။ ဆိုတော့ အဲဒီ နောက်ပိုင်းမှာတော့ သူတို့လည်း ဒီဟာရဲ့ သဘောတရားကို သိရှိနားလည်ပြီးတဲ့ နောက်ပိုင်းမှာတော့ သူတို့ဟာနဲ့သူတို့ သူတို့ရဲ့ နယ်မြေတွေကို ထိန်းသိမ်းမယ်၊ စောင့်ရှောက်မယ်၊ ဒီကိစ္စတွေကိုလည်း ပိုပြီးတော့ စိတ်ဝင်စားလာမယ်လို့၊ ပိုပြီးတော့ သတိပြုလာမယ်လို့လည်း ကျနော်တို့က မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် စမ်းသပ်တူးဖော်နေတဲ့ နေရာအများစုဟာ ဒေသခံတွေရဲ့ ရေထွက်ဦး တောင်စွယ်တောင်တန်းတွေ ဖြစ်တာကြောင့် မြေရှားထုတ်ယူရာမှာ သုံးစွဲမဲ့ Ammonium sulfate လို ဓာတုဆေးရည်တွေနဲ့ နွံရေတွေကြောင့် သောက်သုံးရေနဲ့ စိုက်ပျိုးရေတွေ ခန်းခြောက်တာ၊ မြေဆီလွှာ ပျက်စီးတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒီအတွက်ကြောင့် မန်စပ်ကျေးရွာ တောင်သူ ၆၀ ရာခိုင်နှုန်းရဲ့ လယ်ယာလုပ်ငန်း ထိခိုက်နိုင်သလို မန်ပူး၊ မန်ပန်နဲ့ မိုင်းဝီးဒေသအထိပါ စိုက်ပျိုးရေးနဲ့ လယ်ယာလုပ်ငန်းတွေ ပျက်စီးနိုင်ခြေ ရှိနေတယ်လို့ ဆိုပါတယ်။

မတ်လအတွင်းက ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နမ့်ခမ်းမြို့နယ်အစပ်က TNLA စခန်းတချို့ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဒီလို နမ့်ခမ်းမြို့နယ်ဟာ ပဋိပက္ခအငြင်းပွားဖွယ် နယ်မြေဖြစ်နေချိန် ဒီလို မြေရှားစမ်းသပ် တူးဖော်မှုတွေ ရှိလာတဲ့အပေါ် တအာင်းအရပ်ဘက်အဖွဲ့အစည်းတွေကလည်း စိုးရိမ်နေကြ ပါတယ်။

TEWG တာဝန်ရှိသူကတော့ နယ်မြေထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို မြေရှားနဲ့ သယံဇာတတွေ တူးဖော်တာနဲ့ ပတ်သက်ပြီး မူဝါဒတွေ ပေါ်ထွန်းလာအောင် တိုက်တွန်းသွားဖို့ ရှိတယ်လို့ ပြောပါတယ်။

“ကျနော်တို့က အခွင့်အရေး ရရှိခဲ့ရင်တော့ သက်ဆိုင်တဲ့ ဒီအဖွဲ့အစည်းကိုလည်း ဒီ မြေရှား၊ သယံဇာတနဲ့ ပတ်သက်ပြီးတော့မှ ကောင်းမွန်တဲ့ မူဝါဒတွေ ပေါ်ထွန်းလာအောင် ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ပြီးရင် အခု လက်ငင်းမှာ ဒီမြေရှား သို့မဟုတ် ဒီသဘာဝပတ်ဝန်းကျင် ထုတ်ယူသုံးစွဲမှုကနေမှ ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမြေယာသိမ်းဆည်းမှုတွေကိုလည်း ခုနက ပြောသလို နောက်ပြီးတော့မှ စည်းကမ်းမဲ့ ဒီနယ်မြေတွေကို လျှို့ဝှက်စွာ ဝင်ရောက်လာတဲ့ သူတွေကို အမြန်ဆုံးတားဆီး အရေးယူပေးဖို့လည်း ကျနော်တို့က တိုက်တွန်း တောင်းဆိုတဲ့ လုပ်ငန်းကိုလည်း အကောင်အထည်ဖော်သွားဖို့လည်း ကျနော်တို့ ကြိုးစားနေတာ ရှိပါတယ်ခင်ဗျာ။”

ISP Myanmar အဖွဲ့ရဲ့ အဆိုအရ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ၈ နှစ်တာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် မြေရှားသတ္တုကုန်ကြမ်း တင်သွင်းရာ အဓိကပြည်ပရင်းမြစ် ဖြစ်လာခဲ့သလို မြန်မာကနေ တင်ပို့တဲ့ မြေရှားသတ္တုတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013