DVB Logo
Home
မြန်မာသတင်း
ရင်ဘတ်ကျည်ထိမှန်သေဆုံးသွားသည့် ဒီပဲယင်းမှ ကိုအောင်ဆန်း အပါအဝင် ကျဆုံးပြည်သူ ၈၆၄ ဦးရှိလာ
DVB
·
June 16, 2021
ရင်ဘတ်ကျည်ထိမှန်သေဆုံးသွားသည့် ဒီပဲယင်းမှ ကိုအောင်ဆန်း အပါအဝင် ကျဆုံးပြည်သူ ၈၆၄ ဦးရှိလာ
1 / 2
Donate to DVB

မတရားအာဏာသိမ်းကာလ ၄ လခွဲအကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၆၄ ယောက် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၁၅ ရက်အထိ မှတ်တမ်းပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ကာ အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၀၆၀ ယောက် ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၄၈၉၃ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁၈၂ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ 

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၃၇ ယောက်ရှိနေပြီး သူတို့ထဲက ၃၁ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ၊ ၅ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်စီ အသီးသီး မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရလို့ တိမ်းရှောင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာအုပ်ချုပ်ရေးမှူးရဲ့ သမီး ၂ ယောက် အသတ်ခံရပြီးနောက် ဇွန် ၁၄ ရက်ညနေပိုင်းက အကြမ်းဖက်စစ်တပ်ဟာ အနီးအနားက ကျေးရွာတွေကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဘုတ်ရွာက ကိုအောင်ဆန်းဟာ ရင်ဘတ်ကျည်ထိမှန် ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာတော့ ရဲ ၂ ယောက် ပစ်သတ်ခံခဲ့ရပြီးနောက် ပုသိမ်ကြီးမြို့နယ်အတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်တွေကို လိုက်လံဖမ်းဆီးနေတာမှာ ဇွန် ၁၁ ရက်နေ့က ညီအစ်ကို ၂ ယောက်ရဲ့ အိမ်ကို ဝင်ရောက် ရှာဖွေခဲ့ပြီး မတွေ့ခဲ့တာကြောင့် သူတို့ရဲ့ ကျန်းမာရေးမကောင်းတဲ့ မိခင်၊ အစ်ကိုနဲ့ အစ်မတွေကို စစ်အုပ်စုက ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ အေအေပီပီက ဆိုပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ မိတ္ထီလာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ မိတ္ထီလာမြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင်မောင်မောင်ကို စုံစမ်းစစ်ဆေးခြင်းမရှိဘဲ မေ ၁၂ ရက်က ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ် သီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013