
ဧရာဝတီတိုင်း ဟင်္သာခရိုင်၊ လေးမျက်နှာမြို့နယ်၊ ငှက်ပျောတောကျေးရွာကို လက်နက်ကြီး ကျည်ကျ ရောက်ပေါက်ကွဲပြီး လင်မယား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၀ ရက် မွန်းတည့် ၁၂ နာရီအချိန်က ပန်းတောကြီးကျေးရွာအနီး ငှက်ပျောတောကျေးရွာ လယ်ကွင်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် လယ်ယာလုပ်ငန်း လုပ်နေတဲ့ အရပ်သား ၂ ယောက် သေဆုံးခဲ့တာလို့ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိသူတယောက်က “ဘယ်ဘက်ကနေ လှမ်းပစ်တာလဲ မသိဘူး။ လယ်ထဲကိုကျတာ။ သေဆုံးသူတွေက လင်မယားတွေ။ လယ်ထဲမှာ အလုပ်လုပ်နေတာ။ တခါတည်း ပွဲချင်းပြီး သေဆုံးသွားတာ” လို့ပြောပါတယ်။
လက်နက်ကြီးကျည် ထိမှန်တာကြောင့် အသက် ၃၀ ကျော်အရွယ် မပြုံးပြုံးနဲ့ အသက် ၄၀ ကျော် အရွယ် ကိုလပြည့် တို့ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
လက်နက်ကြီးကျည်းကျရောက်တဲ့ ငှက်ပျောတောကျေးရွာအနီး စစ်ကုန်းကျေးရွာနဲ့ ဆီဆုံကုန်း ကျေးရွာမှာ စစ်အာဏာရှင်တပ်က စခန်းချတပ်စွဲထားပြီး ဘန်ကာတွေဆောက် နေရာယူ ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ဇွန် ၂၉ ရက်က စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပန်းတောကြီး၊ မြို့ကုန်း၊ သရက်ကုန်းစတဲ့ ကျေးရွာတွေက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။










