
မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းဟာ ဇူလိုင် ၁၉ ရက်က ပြည်သူ ၈ ယောက်ထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြကာ လူနေအိမ် ၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ချစ်သောအညာမြေအဖွဲ့ရဲ့ တာဝန်ရှိသူက “မြိုင် စက်မှု ၂ ထဲကနေ အခုလ ၁၈ ရက်နေ့မှာ ကားတန်းနဲ့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက ၁၉ ရက်နေ့မှာ မြိုင်အနောက်ပိုင်းက ကွန်လပ်၊ ဘောဓုံ၊ သံချောင်း၊ ကိုင်းရိုးရွာတွေကို ဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်သွားသလို လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြတာပါ” လို့ ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ ကွန်လပ်ကျေးရွာက ပြည်သူ ၂ ယောက်၊ ဘောဓုံကျေးရွာက ပြည်သူ ၅ ယောက်နဲ့ သံချောင်းကျေးရွာက ပြည်သူတယောက်တို့ ဖြစ်ကြပြီး သေဆုံးသွားသူတွေနဲ့ အချက်အလက်တွေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါစစ်ကြောင်းမှာ ပါဝင်လာတဲ့ စစ်တပ်လက်အောက်ခံတွေဟာ ကိုင်းရိုးကျေးရွာက ပြည်သူပိုင် နေအိမ် ၃ လုံးနဲ့ သံချောင်းကျေးရွာက နေအိမ် ၃ လုံးတို့ကိုလည်း ဇူလိုင် ၁၉ ရက်မှာ မီးရှို့ဖျက်ဆီးသွားခဲ့ကြတာလို့ ဆိုပါတယ်။
မြိုင်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ထောက်လှမ်းရေးမှူးက “အဲဒီစစ်ကြောင်းက အခု ၂၂ ရက်နေ့ မနက်စောပိုင်းအထိ သင်းမရွာနဲ့ ရွာပတ်ဝန်းကျင်တွေမှာ တပ်ဖြန့်ထားပြီးတော့ ည ၁၀ နာရီလောက်မှာ ရွာထဲကအိမ်တွေကို မီးရှို့နေကြတယ်။ အခုအခြေအနေကတော့ စောင့်ကြည့်နေရုံပဲ။ အရင်ရက်ကတော့ အဲဒီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ခဲ့တာတွေ ရှိခဲ့ပေမဲ့ သတင်းထုတ်ပြန်လို့တော့ မရသေးဘူး။ သူတို့ဘက်ကတော့ အထိနာတယ်။ စက်မှု ၂ ထဲမှာလည်း ဒဏ်ရာရတဲ့သူတွေ တော်တော်များနေတယ်လို့ သိရတယ်” လို့ DVB ကို ပြောပါတယ်။
ဇူလိုင် ၂၁ ရက် ညနေပိုင်းမှာတော့ စစ်တပ်ရဲ့ Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစီးဟာ မြိုင် စက်မှု ၂ ထဲကို ၃ ကြိမ် အဆင်းအတက်ပြုလုပ်ကာ လူအင်အားနဲ့ ရိက္ခာတွေ ဖြည့်တင်းပို့ဆောင်ခဲ့သလို ဒဏ်ရာရသူတွေကိုလည်း ပြန်လည်တင်ဆောင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ မြိုင်မြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇွန်လထဲကစလို့ အခု ဇူလိုင်လကုန်ပိုင်းအထိ မြေပြင်စစ်ကြောင်း ၂ ကြောင်းခွဲကာ အင်အား ၆၀၀ နီးပါးနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်တပ်လက်အောက်ခံတွေဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ ပြည်သူတွေ ၁၅ ယောက်ထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အပြင် လူနေအိမ် ၁၀၀ နီးပါးကိုလည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။











