
ကျူးဘားနိုင်ငံ ဟာဗားနားမှာ ရေရှား၊ မီးပြတ်တာတွေက လူနေမှုဘဝတွေကို ထိခိုက်စေပြီး သန့်ရှင်းတဲ့ရေကို မရရှိကြတာကြောင့် ကျူးဘား ကျန်းမာရေးအာဏာပိုင်တွေက အသည်းရောင် အသားဝါရောဂါ အပါအဝင် ဗိုင်းရပ်စ်ရောဂါတွေ တိုးပွားလာနေကြောင်း သတိပေးထားပါတယ်။
ဒီလအစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ အမေရိကန် ကျန်းမာရေးသတိပေးချက်တခုမှာလည်း ကျူးဘားနိုင်ငံမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ သိသိသာသာ တိုးလာနေကြောင်း၊ အဲဒါဟာ ရေနဲ့ လျှပ်စစ်အဆောက်အအုံတွေ ယိုယွင်းပျက်စီးလာတာနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဟာဗားနားမြို့နယ်တွေက ဒေသခံတချို့ဟာ ရေမလာတာ သီတင်းပတ်ပေါင်းများစွာ ကြာသွားပြီဖြစ်လို့ လမ်းဘေးဈေးသည်တွေ၊ ကျိုးနေတဲ့ပိုက်တွေ ဒါမှမဟုတ် ရေလှောင်ကန်တွေဆီကနေ ရေလိုက်သယ်နေကြရပါတယ်။
ရေရှားပါးမှုကြောင့် ချက်ပြုတ်တာ၊ ပန်းကန်ဆေးတာနဲ့ ရေချိုးတာလိုမျိုး အခြေခံ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ ပိုပြီးခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေမသန့်မှုကြောင့် ဖြစ်ပွားတဲ့ ရောဂါတွေ ကူးစက်ပျံ့နှံ့လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
ဇန်နဝါရီလမှာ အမေရိကန်က လောင်စာဆီ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဟာဗားနားမှာ လျှပ်စစ်မီးပျက်တာတွေဟာ ပုံမှန်အားဖြင့် ၂၄ နာရီထက် ကျော်လွန်လာခဲ့ပြီး ရေခဲသေတ္တာသုံးစွဲမှုကို အဟန့်အတားဖြစ်စေကာ ရေစုပ်စက်တွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ လျှပ်စစ်မီးပေါ်မှာ မှီခိုနေရတဲ့ ခေတ်နောက်ကျနေတဲ့ ရေပေးဝေရေး အဆောက်အအုံတွေကို ပိုလို့တောင် ထိခိုက်ပျက်စီးစေတယ်လို့ ကျူးဘားနိုင်ငံ အမျိုးသား ရေအရင်းအမြစ် တက္ကသိုလ်ရဲ့ အဆိုအရ သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ အဆိုအရ လူဦးရေ ၃ ဒသမ ၅ သန်းခန့် သို့မဟုတ် ကျွန်းနိုင်ငံရဲ့ လူဦးရေ ထက်ဝက်နီးပါးဟာ အခုအခါ ရေရှားပါးမှုကို ခံစားနေကြရပါတယ်။
Source: Reuters










