DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ လူငယ် ၁ ဦး သေဆုံး
DVB
·
June 10, 2021
လွိုင်ကော်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ လူငယ် ၁ ဦး သေဆုံး
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဇွန်လ ၉ ရက်ညက အကြမ်းဖက်စစ်ကောင်စီတပ်တွေက လူနေရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ပစ်လိုက်တဲ့လက်နက်ကြီး ကျည် နမ့်ဝေါ်ဝမ်ရပ်ကွက်ထဲကျရောက်ပြီး  လူငယ် ၂  ယောက်ကို ထိမှန် ၁ ယောက် သေဆုံးသွားပါတယ်။

လွိုင်ကော်မြို့ပြင်  ဧက ၅၀၀ လို့ခေါ်တဲ့အရပ်ဘက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပြီး လက်နက်ကြီးတွေက နေရာအနှံ့ကျရာမှာ နမ့်ဝေါ်ဝမ်ရပ်ကွက်ရှိ နေအိမ် ၁ လုံးပေါ်လည်း ကျရောက်ခဲ့ကြောင်း၊ လက်နက်ကျည်ဟာ ခေါင်မိုးကိုဖောက်ပြီး အိမ်ထဲမှာ အိပ်နေတဲ့ ညီအစ်ကိုနှစ်ယောက်ပေါ်ကျလာတာလို့ လွိုင်ကော်ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျမတို့ လွိုင်ကော်မှာ ခါတိုင်းညလည်း ပစ်ခတ်သံတွေကြားတယ်၊ ဒါပေမဲ့ မနေ့ည ကတော့ တော်တော်ဆိုးတယ်၊ ည ၈ နာရီခွဲ ၉ နာရီလောက်စကြားတာ၊ တဒိုင်းဒိုင်းနဲ့ စက်သေနတ်နဲ့ ပစ်သလိုပဲ၊ ဖြစ်တာက လွိုင်ကော်မြို့ပြင် ဟိုး ဧက ၅၀၀ ဘက်မှာ၊ ဒါပေမဲ့ လွိုင်ကော်မြို့ထဲထိ ကြားတယ်၊ ဘယ်အဖွဲ့နဲ့ပစ်လဲတော့ မသိဘူး၊ တချို့ကတော့ စစ်ကောင်စီနဲ့ ကရင်နီကာကွယ်ရေး တပ်တွေလို့ပြောတယ်။ သူတို့မြို့ပြင်ဘက်ပစ်ပြီး လွိုင်ကော်မြို့ထဲမှာ ထပ်လာပစ်တယ်၊ မြို့ထဲ မှာတော့ တဘက်သတ်ပစ်တဲ့အသံပဲ။ ကျမတို့ တံခါးတွေပိတ် မီးတွေပိတ်ပြီး အပြင်မထွက်ရဲဘူး။ မနက်မိုးလင်းတော့ နမ့်ဝေါ်ဝမ်ရွာက အိမ်တလုံးကို လက်နက်ကြီး ထိတယ်၊ ညီအကို နှစ်ယောက်က အိမ်ထဲမှာအိပ်နေတုန်း လက်နက်ကြီးက ခေါင်မိုးကို ဖောက်ပြီးကျလာတာ၊ အကိုလား ညီလား မသိဘူး ပွဲချင်းပြီး သေဆုံးပြီး တယောက်က ဒဏ်ရာရတယ်”။

ဒီကနေ့မနက်မှာတော့ လွိုင်ကော်မှာ ပစ်ခတ်သံတွေမကြားရပေမယ့်လည်း စစ်သားတွေ မြို့ထဲလျှောက်သွားနေတာမြင်လို့ ကြောက်လန့်ပြီး ဆိုင်မဖွင့်ရဲကြကြောင်း၊  မနက်ပိုင်းမှာတော့ မုံ့ပဲသရေစာရောင်းတဲ့ ဈေးသည်တချို့ပဲရှိတယ်လို့ မြို့ခံရဲ့ ပြောပြချက်အရ သိရပါတယ်။ 

ဒါ့အပြင် တောင်ငူဘက်က အကြမ်းဖက်စစ်ကောင်စီ စစ်သားတွေ ရာနဲ့ချီထပ်ရောက်လာမယ်လို့ သတင်းတွေကြားရတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ လွိုင်ကော်ဒေသခံက ပြောသွားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ  မနေ့မနက် ၁၀ နာရီလောက်က လွိင်ကော်မြို့အနီးပတ်ဝန်းကျင် ကိုရောက်လာတယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY) ကလည်း ထုတ်ပြန်ထားပါတယ်။ 

သူတို့ဟာ ကရင်ပြည်နယ် သံ​တောင်ကြီးမြို့နယ် ယာဒိုကျေးရွာမှာ တစ်ညနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း စနိုက်ပရေခိုမှာ တစ်ညတပ်စွဲညအိပ်ခဲ့ပြီး မနေ့ မနက် ၁၀နာရီ ဝန်းကျင်မှာ လွိုင်ကော်မြို့ကို စစ်သား ၂၅ ဦးလောက်ပါဝင်တဲ့ ကားတစ်စီးနဲ့ ဦးစွာစေလွတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

မနေ့နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာတော့ စစ်သား ၃၀၀ လောက် လွှိုင်ကော်ကို ခြေလျှင်ချီတက်ပြီး ရိက္ခာတွေအပြည့်တင်ထားတဲ့စစ်ကား ၈ စီးလည်းပါဝင်ကြောင်း၊  စစ်ကောင်စီ တပ်တွေချီ တက်လာတဲ့အချိန် တယ်လီနော် ဆက်သွယ်ရေးလိုင်းကိုဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013