DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၄ ဦးကို အဂတိမှုဖြင့် အမှုဖွင့်
DVB
·
June 10, 2021
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၄ ဦးကို အဂတိမှုဖြင့် အမှုဖွင့်
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူတို့ကို အကြမ်းဖက် စစ်အုပ်စုက အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံမှ တံစိုးလက်ဆောင်အဖြစ် အမေရိကန် ဒေါ်လာ ၆၀၀၀၀၀ (ခြောက်သိန်း)နဲ့  အကယ်ဒမီ အခေါက်ရွှေ ၇ ပိဿာတို့ကို သုံးကြိမ်ခွဲပြီး  နေအိမ်မှာ  လက်ခံ ရယူခဲ့တယ်လို့ စွပ်စွဲပြီး အမှုဖွင့်လှစ်လိုက်တာပါ။ 

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူ ဆောင်ရွက်နေတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း(ရုံးချုပ်)ဖွင့်လှစ်ဖို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းအမှတ်(၆၀)ရှိ မြေ ၁ ဒသမ ၈၆ ဧကနဲ့ အဆောက်အအုံတို့ကို ထိုက်သင့်တဲ့ တန်ဖိုးမပေးဘဲ လျော့နည်းသက်သာတဲ့ နှုန်းထားနဲ့ ငှားရမ်းဆောင်ရွက်စေခဲ့တာ၊ နေပြည်တော်ရှိ လရောင်တောစိုက်ပျိုး သက်မွေး ပညာသင်တန်းကျောင်းစီမံကိန်းဆောင်ရွက်ဖို့  ဥတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁၀၁ ဒသမ ၃၃ ဧကနဲ့ ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ၂၃ ဒသမ ၈၅၅ ဧကကို ထိုက်သင့်တဲ့ တန်ဖိုးထက် များစွာလျော့နည်း ပေးချေခဲ့တယ်လို့လည်း စွပ်စွဲပြီး  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီရဲ့ အဂတိကော်မရှင်က ထုတ်ပြန်ပါတယ်။

အလားတူ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင် ဦးမင်းသူတို့ဟာလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား နေပြည်တော်ရှိ လရောင်တောစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်း ဆောင်ရွက်ဖို့  မြေငှားစာချုပ်(မြေဂရန်)ထုတ်ပေးရာမှာ လုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ကျော်လွန် ခွင့်ပြုပေးခဲ့တာကြောင့်  သူတို့ သုံးဦးကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ အရ သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ ဇွန်လ ၉ ရက်က ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်  တရားစွဲဆိုထားတယ်လို့လည်း ထုတ်ပြန် ထားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါဝင် တရားစွဲခံရသူ ၄ ဦးဟာ စစ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အဆိုပါ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့  ပြန်လည်ချေပ ပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013