DVB Logo
Home
မြန်မာသတင်း
ရွှေကူမြို့တွင် ညမထွက်ရအချိန်ပြင်ဆင်သတ်မှတ်၊ မိုးမလင်းဈေးသည်များ အခက်ကြုံ
DVB
·
June 9, 2021
ရွှေကူမြို့တွင် ညမထွက်ရအချိန်ပြင်ဆင်သတ်မှတ်၊ မိုးမလင်းဈေးသည်များ အခက်ကြုံ
Donate to DVB

ကချင်ပြည်နယ်‌၊ ရွှေကူမြို့မှာ ဇွန် ၈ ရက်နေ့စတင်ပြီး စစ်ကောင်စီက ညမထွက်ရအမိန့်ကို ည ၉ နာရီမှ မနက် ၄ နာရီအထိ ပြင်ဆင်ထုတ်ပြန်လိုက်တဲ့အ‌ပေါ် ရွှေကူမြို့နယ်အတွင်း ကျေးရွာတွေကနေ မြို့ပေါ်မှာ ဈေးလာရောင်းတဲ့  မိုးမလင်းဈေးသည်တွေက စိုးရိမ်နေကြပါတယ်။ 

ရွှေကူမြို့နယ်အတွင်း ကျေးရွာတချို့က မိုးမလင်း ဈေး‌သည်တွေဟာ ည ၁၂ နာရီ လောက်ကနေစပြီး ဈေးရောင်းချဖို့ ပြင်ဆင်သွားလာကြရတာကြောင့် အခု ပြင်ဆင်ထုတ်ပြန်လိုက်တဲ့ အမိန့်ကြေညာချက်က မိုးမလင်းဈေးသည်တွေအတွက် အခက်အခဲ ကြီးမားနေတာ ဖြစ်ပါတယ်။

မိုးမလင်းဈေးသည်တစ်ယောက်က “အရင်က ကိုဗစ်ကာလ ထုတ်ပြန်ချက်တွေတုန်းကလည်း ရောဂါအခြေအနေအရ လူစုလူဝေးနဲ့ အပြင်ထွက်တဲ့ အချိန်တွေကို အမိန့်စာထုတ်ပြီး ကန့်သတ်တာတွေ ရှိတယ်။ အဲဒီအခြေအနေနဲ့ အခုအ‌ခြေအနေက လုံးဝကွဲပြားတယ်လေ။ အခုချိန်မှာ ဥပဒေက သူတို့ ပြောရာပဲဖြစ်နေတော့ အန်တီတို့မှာလည်း အရင်ကတည်းက ဒီအလုပ်နဲ့ပဲ အသက်မွေးလာတာလေ။ အခုအခြေအနေမှာ ကိုယ်က ရိုးရိုးသားသား ဈေးရောင်းဖို့ လာရင်တောင် သူတို့ကို ဆန့်ကျင်တယ်လို့ ယူဆပြီးပစ်သတ်ခွင့်ရှိနေတာလေ” လို့ ပြောပါတယ်။

ရွေကူမြို့မှာ အရင်က  ည ၈ မှ မနက် ၄ အထိ ညမထွက်ဖို့  စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားရာက အခု ဇွန်လ ၈ ရက်မှာတော့ ည ၉ ကနေ မနက် ၄ အထိ ညမထွက်ဖို့ ပြောင်းလဲမှတ်လိုက်တာပါ။

ခုလို ပြောင်းလဲလိုက်တာနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက “အခု ထုတ်ပြန်လိုက်တဲ့ ညမထွက်ရအမိန့်က သာမန်ကြည့်မယ်ဆိုရင်တော့ ဖြေလျှော့ပေးသလိုလို မြင်ရတယ်ဗျ။ အာဏာသိမ်းပြီးမကြာခင် ည ၈၊ မနက် ၄ ထုတ်ပြန်ထားတုန်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ကိုင်တွယ်ပုံထက် အခုနောက်ပိုင်းက ပိုပြီးပြင်းထန်လာတာတွေ ရှိတယ်ခင်ဗျ။ ည ၈ နာရီကျော်သည်ဖြစ်စေ၊ မကျော်သည်ဖြစ်စေ သူတို့ ဖမ်းချင်ပစ်ချင်ရင် အချိန်မရွေး ပစ်ခတ်ဖမ်းဆီးတာတွေရှိနေတဲ့အပေါ် အခုလို ပြင်ဆင် သတ်မှတ်လိုက်တဲ့အခါ မိုးမလင်းဈေးသည်တွေအတွက် ပိုပြီးဘောင်ကျဉ်းသွားတဲ့ အနေအထားမျိုး ဖြစ်သွားတယ်ဗျ။ မိုးမလင်းဈေးသည်တွေက မနက် ၁ နာရီလောက်ဆို သွားလာနေကြပြီး စစ်ကောင်စီဘက်ကလည်း ဖောက်ခွဲမှုတွေ ခဏခဏဖြစ်နေတဲ့အတွက် ညပိုင်းအချိန်ကို‌ လျှော့လိုက်ပြီး မနက်ပိုင်း‌တွေမှာ ပိုပြီးတင်းကျပ်မယ့်အ‌‌နေအထား ဖြစ်‌နေတာပါ” လို့ ပြောပါတယ်

မနေ့က အသစ်ထုတ်ပြန်လိုက်တဲ့အမိန့်စာမှာ “အများပြည်သူ တည်ငြိမ်အေးချမ်းစေရန်”လို့ စစ်ကောင်စီက အကြောင်းပြထားပေမဲ့ ဒေသခံ ကျေးလက်ပြည်သူတွေအတွက်တော့ အခု ထုတ်ပြန်လိုက်တဲ့ အမိန့်စာကြောင့် စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။

ဒါ့အပြင် ရွှေကူမြို့နယ်အတွင်း လူ ၅ ဦးထက်ပိုမစုဖို့၊ စုဝေးဟောပြော  စီတန်းလှည့်လည် ဆန္ဒပြတာတွေမလုပ်ဖို့ လည်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  တားမြစ်ပိတ်ပင်ထားပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013