DVB Logo
Home
မြန်မာသတင်း
ဘဏ္ဍာရေးနှစ်ပြန်ပြောင်းမည်၊ ၄ လအတွင်း တိုင်းပြည်တိုးတက်လာဟု အကြမ်းဖက် စစ်ခေါင်းဆောင်ပြော
DVB
·
June 9, 2021
ဘဏ္ဍာရေးနှစ်ပြန်ပြောင်းမည်၊ ၄ လအတွင်း တိုင်းပြည်တိုးတက်လာဟု အကြမ်းဖက် စစ်ခေါင်းဆောင်ပြော
1 / 2
Donate to DVB

စစ်အာဏာသိမ်း ၄ လကျော်ကာလအတွင်း တိုင်းပြည်တိုးတက်ပြောင်းလဲလာကြောင်းနဲ့ ဘဏ္ဍာရေးနှစ် အသစ်ပြန်လည်ပြင်ဆင် သတ်မှတ်မယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ဇွန်လ ၇ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောပါတယ်။

မိမိတို့အနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်အား တာဝန်ယူ ဆောင်ရွက်မှုဟာ ၄ လကျော်ကာလအထိ ရောက်ရှိလာပြီဖြစ်ပြီး တိုးတက်ပြောင်းလဲမှုတွေ ရှိသကဲ့သို့ စိန်ခေါ်မှု တချို့လည်းရှိနေသေးတယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်သို့ရောက်ရှိခဲ့ပြီး ပြည်သူတွေအနေနဲ့ တည်ငြိမ် အေးချမ်းစွာ သွားလာလှုပ်ရှားနေကြတာတွေ့ရတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ယခင်အစိုးရက ဘဏ္ဍာရေးနှစ် အသစ်ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း  ဒီကာလသတ်မှတ်ချက်က  နိုင်ငံတော်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စိုက်ပျိုးတောင်သူတွေအတွက် အဆင်မပြေမှုတွေ များစွာဖြစ်ပေါ်ခဲ့ရတာကြောင့် နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ ပြန်လည် ပြင်ဆင်သတ်မှတ်မယ်လို့လည်း  အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါပေမဲ့ ဘယ်လိုပြင်ဆင်သတ်မှတ်မယ် ဘယ်တော့  ပြင်ဆင်သတ်မှတ်မယ်ဆိုတာတော့ အသေးစိတ် ပြောဆိုခြင်းမရှိပါဘူး။

စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကတော့  နှစ်အလိုက် ပြက္ခဒိန်နှစ်မှာ  အများပြည်သူ ရုံးပိတ်ရက်တွေသတ်မှတ်ခဲ့မှု အခြေအနေနဲ့ ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်တဲ့ ကိစ္စရပ်တွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

အလားတူ စစ်ကောင်စီဝင် ဦးသိန်းညွန့်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒေါ်အေးနုစိန်တို့ကလည်း ဘဏ္ဍာရေးနှစ်ပြောင်းလဲသတ်မှတ်ခြင်းနဲ့ ပတ်သက်ပြီး ထည့်သွင်း စဉ်းစား ဆောင်ရွက်သင့်တဲ့ကိစ္စတွေ  ဆွေးနွေးအကြံပြု တင်ပြကြတယ်လို့ဆိုပါတယ်။

ယခင် အန်အယ်လ်ဒီ အရပ်သားအစိုးရလက်ထက်က မိုး၊ ဆောင်း စိုက်ပျိုးသီးနှံထွက်ရှိမှုနဲ့ ရရှိမယ့် အခွန်အခတွေ၊ နိုင်ငံတကာမှာအသုံးပြုနေတဲ့ ဘဏ်စနစ်တွေ၊ ဘတ်ဂျတ်နှစ်တွေနဲ့လိုက်လျောညီထွေ ပိုမိုအဆင်ပြေလွယ်ကူမှုရှိစေဖို့  မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်ကို  အောက်တိုဘာ  ၁  ရက်ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ  လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ 

အန်အယ်လ်ဒီ အစိုးရမတိုင်မီက  ဘဏ္ဍာရေးနှစ်ဟာ ဧပြီ ၁ ရက်ကနေ မတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး ဘဏ္ဍာနှစ် အစပိုင်းဟာ မိုးရာသီထဲ ရောက်နေတာဖြစ်တဲ့အတွက် စီမံကိန်းတွေ လုပ်ဆောင်ရာ၊ အခွန်ကောက်ခံရာမှာ အခက်အခဲတွေ ရှိတာကြောင့် ဘဏ္ဍာရေးနှစ်ကို  အောက်တိုဘာ ၁ ရက်ကနေ စက်တင်ဘာ ၃၀ရက်နေ့အထိ ပြောင်းလဲ သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဇွန်လ ၇ ရက်နေ့က အစည်းအဝေးမှာ စစ်ကောင်စီဝင် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်း တို့က အဂတိလိုက်စားမှုတွေကို စိစစ်ဖော်ထုတ်အရေးယူဖို့၊ အကြမ်းဖက်သမားတွေ ခိုအောင်းနေထိုင်ခွင့်ပေးသူတွေနဲ့ ကူညီနေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့၊  လူမှုကွန်ရက်မှာ မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်နေမှုအပေါ် လျင်မြန်ထိရောက်စွာ တုံ့ပြန် ဆောင်ရွက်ရေး မီဒီယာတုံ့ပြန်မှု လျင်မြန်အားကောင်းစေဖို့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့တွေ အကြံပြုခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေမှာ သတင်းထုတ်ပါတယ်။

Photo- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013