Home
အနုပညာ
ဝါရင့်သရုပ်ဆောင် ဦးဇင်ဝိုင်း လွတ်မြောက်၊ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတာဝန်မှ ခန့်စည်သူ နုတ်ထွက်
DVB
·
June 7, 2021
Zin-Waing
Z K

ဝါရင့်ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်းဟာ ဇွန်လ ၇ ရက် ဒီနေ့မနက်က ပြန်လည်လွတ်မြောက်လာတယ်လို့ သားဖြစ်သူ မင်းမော်ကွန်းနဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဟောင်းတစ်ဦးဖြစ်သူ ဦးဇင်ဝိုင်းကို အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ ၅၀၅-က နဲ့ ပြီးခဲ့တဲ့  ဧပြီလ  ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဦးဇင်ဝိုင်းရဲ့ သားဖြစ်သူ အကယ်ဒမီ မင်းမော်ကွန်းကိုလည်း  နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့ အတူရပ်တည်ခဲ့တာကြောင့်  အကြမ်းဖက်စစ်အုပ်စုက  ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပါတယ်။ 

သရုပ်ဆောင် ခန့်စည်သူက အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့  မြန်မာရုပ်ရှင်အစည်းအရုံး ယာယီဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်လိုခြင်းမရှိတော့လို့ တာဝန်မှပြန်ရုပ်သိမ်းပေးဖို့  ဒီနေ့ရက်စွဲနဲ့ အစည်းအရုံး နာယကတွေထံ အကြောင်းကြားစာပို့လာပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ခန့်စည်သူကို ရုပ်ရှင်အစည်းအရုံးရဲ့ ယာယီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ကြောင်း စာထွက်လာပြီးနောက်ပိုင်းမှာ အလွှာအသီးသီးက သရုပ်ဆောင်အများအပြား ရုပ်ရှင်အစည်းအရုံးကနေ နုတ်ထွက်ခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင် ခန့်စည်သူကို ခန့်အပ်လိုက်တယ်လို့ ဇွန် ၄ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်က လက်နက်အားကိုးနဲ့ တရားမဝင်သိမ်းယူလိုက်ပြီးနောက် နာမည်ကြီး အနုပညာရှင်တွေအတော်များများ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ၊ တရားစွဲခံရာနဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေ ရာနဲ့ချီ ရှိနေပါတယ်။

အဲဒီထဲမှာ ထင်ရှားသူတွေကတော့ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်၊ ပိုင်တံခွန်၊ ရဲတိုက်စတဲ့ အနုပညာရှင်တွေ ပါဝင်ပြီး သူတို့ကို ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို အင်းစိန်ထောင်မှာ ဖမ်းဆီးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024