DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က အခကြေးငွေယူပြီး တရားမဝင်ကျောက်စိမ်းတူးခွင့်ပြု
DVB
·
June 3, 2021
ဖားကန့်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က အခကြေးငွေယူပြီး တရားမဝင်ကျောက်စိမ်းတူးခွင့်ပြု
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်ရတနာနယ်မြေက မှော်တွေမှာ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဟာ တရားမဝင်ကျောက်စိမ်းတူးဖော်မှုတွေကို အခကြေးငွေယူပြီး မှော်ပေါင်းစုံမှာ ၂၄ နာရီ တူးဖော်ခွင့်ပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စားဝတ်နေရေးအတွက် တနိုင်တပိုင်ကျောက်စိမ်းတူးဖော်နေတဲ့ ရေမဆေးသမားတွေရဲ့ လက်ကျင်းတွေကို လုပ်ငန်ရှင်တချို့က ကေအိုင်အေကို ခြိမ်းခြောက်မောင်းထုတ်ခိုင်းပြီး စက်ယန္တရားကြီးတွေနဲ့ တရားမဝင်ကျောက်စိမ်းတူးဖော်မှုတွေကို ဧပြီလ ပထမပတ်လောက်ကစပြီး လုပ်ကိုင်နေတာလို့ ရေမဆေးသမားတွေက ပြောပါတယ်။

ပထမစပြီးတူးတဲ့အချိန်က လူခြေတိတ်ချိန်ညဉ့်နက်သန်းခေါင်မှသာ ခိုးတူးကြပေမဲ့ ယခုအခါ ၂၄ နာရီပတ်လုံး နေ့ရောညပါ ပေါ်ပေါ်တင်တင် တူးဖော်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

"အရင်ညပိုင်းခိုးခိုးတူးတာပေါ့နော်၊ ခုကျတော့ နေ့ရောညရောဗျာ၊ ဟိုအရင်တုန်းက ကုမ္ပဏီကြီးတွေ တူးတဲ့ ပုံစံမျိုးကို ခိုးတူးနေကြတာဗျာ "လို့ ဖားပြင်ကျေးရွာသားတဦးက ဒီဗွီဘီကို ပြောပါတယ်။

ကျောက်မျက်ကုမ္ပဏီတွေခေတ်က အာဏာပိုင်တွေနဲ့ပေါင်းပြီး တရားဝင်တာရော တရားမဝင်တာ ရော အားလုံးခိုးတူးခဲ့ကြတာတွေရှိသလို၊ အခုလို အစိုးရက ကျောက်စိမ်းတူးဖော်ခွင့်ပိတ်ထားချိန်မှာ ခိုးတူးတာတွေမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

"အရင်ခေတ်က မတူးနဲ့ဆို ဘယ်သူမှဘယ်ကုမ္ပဏီမှ မတူးကြဘူး။ အခုဟာက ဒီအာဏာသိမ်း စစ်တပ်ခေတ်ရောက်မှ ဘာမှရစရာမရှိတော့ဘူး။ စစ်တပ်ရဲ့ထုံးစံအတိုင်း ငွေရရင် ဘာဖြစ်ဖြစ် အကုန်လုပ်ခိုင်းတာပဲ။ ဘာမှ တန်ဖိုးထားရကောင်းမှန်းသိတဲ့ အဖွဲ့အစည်းမဟုတ်ဘူး"လို့ အဆိုပါရွာသားက ဆက်ပြောသွားပါတယ်။

တရားမဝင်ကျောက်စိမ်းတူးဖော်မှုတွေကို စက်ယန္တရားအမြောက်အများနဲ့ ဖားကန့်ရတနာနယ်မြေ အနှံအပြားမှာတူးဖော်ခွင့်ပြုထားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

အခုလို အဖိုးတန်ကျောက်စိမ်းကြောရှိတဲ့နေရာတွေကို နိုင်ငံတော်က အကျိုးအမြတ်မရရှိပဲ လူတစုကိုယ်ကျိုးအတွက် တရားမဝင် တူးဖော်ခွင့်ပြုနေတာဟာမဖြစ်သင်ဘူးလို့လည်း ဌာနေတိုင်းရင်းသားတဦးက ခုလိုပြောပါတယ်။

"မှော်စီစာတို့ ငိုးပင်း-ဆန်ခါ၊ မန၊ မက်လင်ချောင်၊ မမုံ၊ ဖားပြင်တို့ဝေခါလို့နေရာမျိုးတွေကို ခိုးတူးခွင့်ပေးတာကတော့ ရင်နာဖို့အရမ်းကောင်းပါတယ်။ ဖားကန့်ထွက်တဲ့ကျောက်စိမ်းတွေက တရုတ်တွေအတွက်ပဲ ဖြစ်နေပြီဗျ။ စစ်တပ်နဲ့ကေအိုင်အေဆိုတာ ငွေရရင်ဘာမဆိုခွင့်ပြုတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေတာကြာပြီ"လို့ အမည်မဖော်လိုသူ ကချင်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တဦးက ပြောပါတယ်။

တရားမဝင်ကျောက်စိမ်းတူးဖော်မှုကနေရရှိတဲ့ အကျိုးအမြတ်ရဲ့ ဆယ်ပုံတပုံကို ခြေမြန်တပ်မ ၃၃ တပ်မမှူးကို သီးသန့် ပေးရတဲ့အပြင် ဖားကန့်ဒေသမှာရှိတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တပ်ဖွဲ့ဝင်တွေကိုလည်း အလားတူ ဆယ်စုတစုပေးရတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

အခုလို တရားမဝင်ကျောက်ခိုးတူးနေတာကို ဓာတ်ပုံမှတ်တမ်းယူသူတွေကို ကေအိုင်အေ ထောက်လှမ်းရေးတွေက လိုက်လံဖမ်းဆီး ခြိမ်းခြောက်တာမျိုးတွေလုပ်တဲ့အပြင် လက်ကိုင်ဖုန်း တွေကို သိမ်းဆည်းတာ၊ နောက်ယောင်ခံလိုက်တာမျိုးတွေ ပြုလုပ်နေတယ်လို့လည်း ရေမဆေးသမားတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013