
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ရထားလမ်းပေါ် အရက်မူးပြီး အိပ်ပျော်နေတဲ့ ဖခင်ကို လိုက်လံနှိုးနေတဲ့ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ပါ ရထားနဲ့ တိုက်မိခဲ့တာကြောင့် ဖခင် သေဆုံးပြီး သမီးငယ် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်လောက်မှာ ပုသိမ်မြို့၊ အမှတ် ၁၅ ရပ်ကွက်၊ ရွှေဝတ်မှုံမီးရထားဘူတာ အနီးမှာ ကြံခင်းမြို့ကနေ ပုသိမ်မြို့ကို မောင်းလာတဲ့ အစုန်ရထားအမှတ် ၁၈၂ ဟာ ရွှေဝတ်မှုံဘူတာအနီး အရောက်မှာ သားအဖ ၂ ယောက်ကို တိုက်မိခဲ့တာလို့ ဆိုပါတယ်။
ပုသိမ်ဒေသခံတယောက်က “အဖေက ရထားလမ်းပေါ်မှာ အရက်မူးပြီး အိပ်ပျော်နေတာ။ ကလေးက သွားခေါ်နှိုးခေါ်တာ။ ရထားလာတဲ့အချိန် အဖေဖြစ်သူက နှိုးမရဘူး ဖြစ်တာ။ ကလေးရော အဖေပါ ရထားတိုက်မိတာ။ အဖေဖြစ်သူက သေဆုံးသွားတာ” လို့ ပြောပါတယ်။
ရထားတိုက်ခံရမှုကြောင့် ဖခင်ဖြစ်သူဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ဟာ ခြေထောက်မှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိတဲ့ ကလေးငယ်ကို ပုသိမ်ပြည်သူ့ဆေးရုံကြီးဆီ အရေးပေါ်ပို့ဆောင်ထားပြီး အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရာမှာ ဇွန် ၂၄ ရက်မှာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီလို့ သိရပါတယ်။










