
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား မေလ ၃၁ ရက် ဒီနေ့မနက်က ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီလက်နက်ကိုင် တပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးသွားပါတယ်။
သာစည်ကျေးရွာမှာ တိမ်းရှောင်နေတဲ့ CDM ဝန်ထမ်းတွေကို ရဲနဲ့စစ်တပ်က လိုက်ဖမ်းဆီးရာကနေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒေသခံ ရွာသားတစ်ယောက်က “CDM ဝန်ထမ်းတွေ အဲဒီမှာ လာရောက်တိမ်းရှောင်နေတဲ့လူတွေ စစ်တပ်လိုက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ဒလန်တွေကလည်း နာမည်စာရင်းနဲ့ အတိအကျတိုင်တာတွေရှိတယ်”လို့ ပြောပါတယ်။
သာစည်ရွာ ရွာထဲမှာ အကြမ်းဖက်စစ်တပ်က နေအိမ်တွေထဲ ဝင်ရောက်ဖမ်းဆီးရာမှာ ဖမ်းဆီးခံရတဲ့ ပြည်သူ ၉ ယောက်လောက်ရှိတယ်လို့လည်း ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။