ဧရာဝတီတိုင်း ပုသိမ်မြို့မှာ မေ ၂၉ ရက်နေ့မနက်ပိုင်းက ဗုံးလန့်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်မြို့ တောင်ပေါ်လမ်း ဘုရင်မထမင်းဆိုင်အနီး လမ်းမပေါ်မှာ အမည်းရောင်အထုတ်တစ်ထုတ်ကို ဒီနေ့မနက် ၁၁ နာရီကျော်က တွေ့ရှိရတာကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဗုံးရှာဖွေရှင်းလင်းရေးအဖွဲ့ လာရောက်ပြီး စစ်ဆေးခဲ့ပါတယ်။
လမ်းတွေကို ပိတ်ပြီး ဗုံးအကာအကွယ်တွေနဲ့ လာရောက်စစ်ဆေးခဲ့ပေမယ့် အဲဒီအမည်း ရောင်အထုတ်ထဲမှာ လက်တော့နဲ့ စာရွက်စာတမ်းတစ်ချို့ကိုသာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ချို့ကပြောဆိုပါတယ်။
အခုဗုံးလန့်တဲ့နေရာ ချောင်းသာ နဲ့ ငရုတ်ကောင်းဘက်ကိုသွားတဲ့ ကားလမ်းနေရာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်အနီးမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။
ပုသိမ်မြို့မှာ အခုရက်ပိုင်းတွေအတွင်း လေယာဉ်ကွင်းဘေး၊ ပုသိမ်ထွေအုပ်အိမ်ရာဝင်းထောင်၊ အီးပီစီ ရုံး စတာတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာပါ။