DVB Logo
Home
မြန်မာသတင်း
ကရင်စစ်ရှောင်ကလေးငယ်များ ငှက်ဖျားရောဂါခံစားနေရ၊ အရေးပေါ်အကူအညီ လိုအပ်နေ
DVB
·
May 28, 2021
ကရင်စစ်ရှောင်ကလေးငယ်များ ငှက်ဖျားရောဂါခံစားနေရ၊ အရေးပေါ်အကူအညီ လိုအပ်နေ
1 / 11
Donate to DVB

ကရင်ပြည်နယ်အတွင်း ကေအန်ယူ တပ်မဟာ ၅ နယ်မြေ အနီးဝန်းကျင်က ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက လေယာဉ်ဗုံးကြဲတိုက်ခိုက်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးငယ်တွေမှာ ငှက်ဖျားရောဂါခံစားနေကြရပါတယ်။ 

မေလ ၂၇ ရက်နေ့အထိ မယ်နူးထ ဒုက္ခသည်စခန်းမှာရှိတဲ့ ကလေးငယ်တွေမှာ ငှက်ဖျားရောဂါ လက္ခဏာတွေခံစားနေရတာတွေ့လို့ ရောဂါပိုးစစ်ဆေးကြည့်ရာမှာ ကလေးငယ် ၁၈ ယောက်မှာ ငှက်ဖျားရောဂါပိုးတွေ့ရှိခဲ့တာလို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ Metta charity အဖွဲ့ထံက သိရပါတယ်။ 

နယ်စပ်ဒုက္ခသည်စခန်းထဲကို မရောက်သေးဘဲ တောထဲမှာ နေရတဲ့ ကလေးငယ် အတော်များများလည်း အလားတူ ဝေဒနာတွေ ခံစားနေရသလို ဘယ်လောက် လူဦးရေအထိ ငှက်ဖျားရောဂါ ဖြစ်နေတယ်ဆိုတာ မစစ်ဆေးနိုင်သေးတဲ့အတွက် မသိရသေးဘူးလို့လည်း ဆိုပါတယ်။ 

ဒါကြောင့် ကလေးငယ်တွေအတွက် အရေးပေါ်ရောဂါပိုးစစ်ဆေးဖို့ လိုအပ်နေပါတယ်။ လသားအရွယ်ကနေ ၅ နှစ်ဝန်းကျင်အထိ ကလေးငယ် အတော်များများမှာ ခေါင်းကိုက်တာ၊ အော့အန်တာ၊ ဖျားတာ စတဲ့ ငှက်ဖျားလက္ခဏာတွေကို ခံစားနေပြီး ကလေးမိခင် တချို့မှာလည်း အလားတူ ဝေဒနာတွေ ခံစားနေရတယ်လို့ စစ်ရှောင် မိခင်တွေက ပြောပါတယ်။ 

“သမီးက ခေါင်းကိုက်တယ် အန်တယ် ဖျားတယ်ဆိုတော့ ပါရာစီတမော တိုက်ထားတယ်။ မသက်သာဘူး ခုထိ။ အခုက ရွာမှာ ဗုံးကြဲခံခဲ့ရလို့ ပြေးလာရတာလေ။ တွင်းတူးထားတယ်။ လေယာဉ်ဗုံးကြဲချရင် ပြေးရအောင်လေ”လို့ တောထဲမှာနေတဲ့ စစ်ရှောင်မိခင်ဖြစ်သူက ပြောပါတယ်။ 

ကလေးငယ်တွေနဲ့ မိခင်တွေ ကိုယ်ဝန်ဆောင်တွေအတွက် အစားအသောက် ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို သွားရောက်ကူညီပေးခဲ့သူ တစ်ဦးက ပြောပါတယ်။ 

“ကလေးငယ်တွေမှာ အဟာရ မပြည့်ဝတဲ့ ပုံစံမျိုးတွေ တွေ့နေရတယ်၊ သောက်ရေလည်း မရှိဘူး။ အစားအသောက်လည်း လုံလုံလောက်လောက် မရှိဘူး။ အဝတ်အစားတောင် ကလေး တချို့မှာ ဝတ်မထားနိုင်ဘူး။ ဖိနပ်ဆိုရင် ပြောမနေနဲ့။ အဲ့ဒီနေရာကို သွားလှူနိုင်ဖို့ တော်တော်လေး ခက်ခက်ခဲခဲ သွားရတယ်။ ကျနော်ပါလာတဲ့ ရေသန့်ဘူးကိုတောင် ကျနော် မသောက်နိုင်ခဲ့ဘူး။ ကလေးတွေ ဝိုင်းကြည့်နေလို့ သောက်ချင်တယ်ဆိုလို့ တိုက်ခဲ့ရတယ်။ ကျနော်တို့ မသွားနိုင် လောက်အောင် ဝေးတဲ့ တောထဲမှာ ပုန်းနေတဲ့ စစ်ရှောင်တွေ ရှိသေးတယ်။ အရေးကြီးတာကတော့ ကလေးငယ်တွေနဲ့ မိခင်တွေ ကိုယ်ဝန်ဆောင်တွေအတွက် အစားအသောက် ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတယ်။ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ သွားလာခွင့် ရဖို့လိုအပ်တယ်”လို့ ပြောပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်က မယ်နူးထ ဒုက္ခသည်စန်းကို သွားရောက်ခဲ့တဲ့ နယ်ခြားစောင့် ထိုင်း စစ်တပ်အရာရှိတချို့မှာလည်း အဖျားရောဂါ ခံစားနေရလို့ သွားရောက်စစ်ဆေးရာမှာလည်း ငှက်ဖျားပိုး တွေ့ရှိခဲ့တယ်လို့ သိရကြောင်း အဲ့ဒီနယ်စပ်ကို ရောက်ရှိနေတဲ့သူက ပြောပါတယ်။

ကရင်ကျေးရွာတွေကို စစ်တပ်က လေယာဉ်ဗုံးကြဲခဲ့လို့  တောတောင်တွေထဲ ဒုက္ခသည် ၅၀၀၀ ကျော်လောက် ထွက်ပြေးပုန်းခိုနေရပြီး ၈၀ ရာခိုင်နှုန်း လောက်က ကလေးငယ်တွေ ဖြစ်ပါတယ်။

ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကိုလည်း ထိုင်းအစိုးရက ပြန်လည်ပို့ဆောင်ခဲ့သလို၊ ဒုက္ခသည်အသစ်တွေကို ဆက်လက် လက်မခံ သေးတာကြောင့် တောထဲမှာပဲ ပုန်းခိုနေကြရပါတယ်။ 

လက်ရှိအချိန်မှာ နယ်စပ်ဒုက္ခသည်စခန်းတွေအပြင် တောထဲက စစ်ရှောင် ဒုက္ခသည်တွေဆီ လူသားချင်းစာနာတဲ့ အကူအညီတွေ မရောက်နိုင်သေးသလို အမိုးအကာ မလုံလောက်တာ၊ သောက်သုံးရေသန့် ရှားပါးတာ၊ မိုးသက်လေပြင်းနဲ့ ရာသီဥတုဒဏ်တွေကို ခံစားနေရတာကြောင့် လူသားချင်းစာနာတဲ့ အထောက်အပံ့ အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်။

Photo Credit - Metta Charity

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013