
ရခိုင်ပြည်နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာနေပြီး ဇူလိုင်လ တလအတွင်းမှာပဲ ရောဂါဖြစ်ပွားသူ ၂၀၀ နီးပါး ရှိလာတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာ ငှက်ဖျားရောဂါ ကူးစက်မှုတွေ ပိုမိုများပြားနေတာပါ။
အာရက္ခကျန်းမာရေးဌာနရဲ့ စစ်ဆေးချက်အရ ကျောက်တော်မြို့နယ်၊ င/တရံကျေးရွာမှာ လူ ၁၂၃ ယောက်ကို စစ်ဆေးခဲ့ရာမှာ ၄၁ ယောက်မှာ ငှက်ဖျားပိုးတွေ့ရှိခဲ့ပြီး တောင်ပေါက်ရွာမှာ ၉၆ ယောက် ကို စစ်ဆေးရာမှာ ၈ ယောက်မှာ ပိုးတွေ့ရှိခဲ့ပါတယ်။
ရွာတွေမှာ ရေမြောင်းစနစ်တွေ ပျက်စီးနေတာ၊ အမှိုက်သရိုက်တွေကြောင့် ခြင်ပေါက်ဖွားမှုများတာနဲ့ သွားလာရေး ခက်ခဲတာတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေ ရှိနေတယ်လို့ ကျောက်တော်ဒေသခံတယောက်က ပြောပါတယ်။
“ကျောက်တော် အထက်ပိုင်းက ရွာတွေမှာ သွေးလွန်တုပ်ကွေးတွေ၊ ငှက်ဖျားတွေ ဖြစ်တာ များပါတယ်။ အဲဒီဘက်တွေက သွားလာရလည်း ခက်ခဲတယ်၊ ကားလမ်းမပေါက်ဘူး၊ ရေကြောင်း ကနေ သွားရတာပေါ့နော်။ ရခိုင်မှာက ရွာတိုင်းလိုလို ရေမြောင်းစနစ်တွေက အလုပ်မလုပ်တော့ မိုးရွာတာနဲ့ ရေတွေတင်တယ်။ အမှိုက်တွေ၊ အနံ့ဆိုးတွေနဲ့ ပုပ်နေတဲ့ ရေမြောင်းတွေက များလို့ ခြင်ပေါက်ဖွားမှုတွေက များလာတယ်။ အဲဒါကြောင့် အဖြစ်များတာပါ။ လက်ရှိမှာလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာတော့ မရှိသေးပါဘူး။”
ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှာ ရာနဲ့ချီဖြစ်ပွားခဲ့ရာကနေ လူ ၂ ယောက် သေဆုံးခဲ့သလို မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာလည်း သေဆုံးမှုနဲ့ ရောဂါ ဖြစ်ပွားမှုတွေလည်း ဆက်ရှိနေတာပါ။
လက်ရှိမှာတော့ အာရက္ခကျန်းမာရေးဌာနအနေနဲ့ တာရှည်ခံ ဆေးစိမ်ခြင်ထောင်တွေ ပေးအပ်တာ၊ ပိုးလောက်လန်းသတ်ဆေး ခတ်ပေးတာနဲ့ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်ကစပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ကာ လက်ရှိမှာ ရေပြန်ကျသွားပေမဲ့လည်း ရောဂါဖြစ်ပွားမှုတွေ ပိုမိုဆိုးရွားလာနိုင်တဲ့အတွက် အထူးဂရုစိုက်ကြဖို့ ကျန်းမာရေးအသိုင်းအဝိုင်းက သတိပေးထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ရခိုင်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂,၄၅၂ ယောက်ရှိပြီး ၈ ယောက် သေဆုံးခဲ့တဲ့အတွက် အခုနှစ်မှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ရောဂါကာကွယ်ရေးလုပ်ငန်း တွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပေမဲ့လည်း လိုအပ်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ကေခိုင်










