DVB Logo
Home
မြန်မာသတင်း
ရခိုင် ယိုးချောင်းအထက်ပိုင်းတွင် ဆေးဝါးနှင့်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
DVB
·
October 26, 2025
ရခိုင် ယိုးချောင်းအထက်ပိုင်းတွင် ဆေးဝါးနှင့်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
Donate to DVB

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်က မြို့ပြနဲ့ အလှမ်းဝေးတဲ့ ယိုးချောင်း အထက်ပိုင်းမှာ ငှက်ဖျားရောဂါနဲ့ ရာသီတုပ်‌ကွေးရောဂါတွေ ဖြစ်ပွားနေပြီး ဆေးကုသမှုနဲ့ သွားလာရေး အခက်အခဲတွေကြောင့် ဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။ 

ယိုးချောင်းအထက်ပိုင်းဒေသမှာ ကျေးရွာပေါင်း ၂၀ ကျော်ရှိပြီး ခမီ၊ မြို စတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ နေထိုင်ကြသလို ဖွံ့ဖြိုးမှုနောက်ကျတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယိုးချောင်းအထက်ပိုင်းဒေသက ကျေးရွာတွေမှာ ငှက်ဖျားနဲ့ ရာသီတုပ်‌ကွေး ရောဂါတွေ ဖြစ်နေကြပြီး ဆေးကုသဖို့ ဆေးဝါးတွေ အခက်အခဲရှိနေကြသလို ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျောက်တော်မြို့နယ်၊ ပညာဝကျေးရွာမှာ နေထိုင်တဲ့ ဦးဦးဘသိန်းကတော့ ဝါကျွတ်လောက် ကတည်းကစပြီး ရောဂါတွေ စတင်ဖြစ်ပွားခဲ့သလို လက်ရှိမှာ အိမ်တအိမ်ကို လူတယောက်နှုန်းနီးပါး ကူးစက်ခံစားနေရတယ်လို့ ပြောပါတယ်။

“ဝါကျွတ်လကနေ နေမကောင်းဖြစ်ကြတာ။ အဲဒီမှာ ဆေးသမားတွေက စစ်ဆေးကြတယ်။ ငှက်ဖျား စစ်ဆေးကြည့်ကြတယ်။ ငှက်ဖျားက ပေါ်တဲ့သူ ပေါ်တယ်။ မပေါ်တဲ့သူတွေလည်း ရှိတယ်။ အဓိကတော့ ငှက်ဖျားလို့ ဝေဖန်ကြတယ်။ ငှက်ဖျားပြီးရင် တုပ်ကွေး ဖြစ်ကြတယ်။ ငှက်ဖျားတွေ ဖြစ်လို့ တုပ်ကွေးတွေ ဖြစ်ကြတာကို ဆေးဆရာတယောက်က ဒီဟာက ငှက်ဖျားဆိုပေမဲ့ ငှက်ဖျားပျောက်ဆေးတွေ ပေါင်းပြီး ဆေးထိုးတယ်။ ဒီဟာက အဆင်ပြေတယ်။ ကောင်းတဲ့သူတွေကလည်း ကောင်းကြတယ်။ မကောင်းတဲ့သူတွေလည်း ရှိတယ်။ နီးစပ်ရာ ဆေးပေးခန်းတွေကို သွားပြီး ဆေးကုသမှုခံယူကြတဲ့သူတွေလည်း ရှိကြတယ်။ ကောင်းတဲ့သူတွေလည်း ရှိကြတယ်။ တအိမ်ကို တယောက်ဆိုသလို တယောက်ပြီးတယောက် နေမကောင်းဖြစ်ကြတယ်။”

ယိုးချောင်းအထက်ပိုင်း ဒေသခံတွေဟာ မြို့ပေါ်က ဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက်‌ဆေးကုသဖို့ ရေလမ်းကြောင်း တခုတည်းကိုသာ အားထားနေရတဲ့အတွက် အရေးပေါ်အခြေအနေတွေမှာ သွားလာရေးအခက်အခဲ ရင်ဆိုင်နေကြရပါတယ်။ 

မြို့ပေါ်က ဆေးရုံ၊ ဆေးခန်းတွေဆီ သွားရောက်ပြီး ဆေးကုသမယ်ဆိုရင် နေထိုင်စရိတ်၊ သွားလာစရိတ်နဲ့ ဆေးဝါးစရိတ် အနည်းဆုံး ငွေကျပ် ၂ သိန်းနီးပါးအထိ ကုန်ကျနိုင်ပြီး ငွေကြေးအခက်အခဲတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီလိုအခက်အခဲတွေအတွက် ဒေသတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အခြေခံအဆောက်အဦနဲ့ ဆေးဝါးကုသပေးမယ့်သူတွေ လိုအပ်တယ်လို့ ကျောက်တော်မြို့နယ်၊ သလူချောင်းကျေးရွာက ကိုမောင်ရွှေအေးက ပြောပါတယ်။

“ကျနော်တို့ဘက်မှာ ဆေးရုံ ဆေးခန်းတွေလည်း မရှိဘူး။ ရွာမှာက တတ်သလောက် မှတ်သလောက် ကုသပေးနေတဲ့ ဆေးဆရာတွေပဲ ရှိပါတယ်။ ဒါကြောင့် ဆေးရုံ ဆေးခန်းက ဆေးကုသမှုပိုင်း တတ်ကျွမ်းနားလည်တဲ့ ဆရာမ တယောက်ယောက်ဖြစ်ဖြစ် ရောက်လာစေချင်တယ်။”

၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကစတင်ကာ ရခိုင်မှာ တကျော့ပြန်စစ်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်အုပ်စုက ရခိုင်ပြည်နယ်ကို ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားကာ ဆေးဝါးနဲ့ ရိက္ခာတွေ သယ်ခွင့် ဖြတ်တောက်ခဲ့တဲ့အတွက် ဒေသခံတွေဟာ အထွေထွေအကျပ်အတည်းတွေ ခံစားနေကြရပြီး အကူအညီတွေ များစွာလိုအပ်နေကြပါတယ်။ 

ညီထွေး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013