
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ငတရံကျေးရွာနဲ့ တောင်ပေါက်ကျေးရွာတို့မှာ ငှက်ဖျားရောဂါ ဖြစ်နေသူ ၄၉ ယောက်အထိ ရှိနေတယ်လို့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ကျောက်တော်မြို့နယ် ငတရံကျေးရွာနဲ့ တောင်ပေါက်ကျေးရွာတွေကို ဇူလိုင် ၁၉ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ကွင်းဆင်းစစ်ဆေးမှုတွေ၊ ဆေးကုသမှုတွေနဲ့ အသိပညာပေးမှုတွေကို ပြုလုပ်ခဲ့ပြီး သွေးစစ်မှုတွေကိုလည်း အခမဲ့ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ငတရံကျေးရွာက ကျေးရွာသား ၁၂၃ ယောက်ကို သွေးဖောက်စစ်ဆေးရာမှာ ငှက်ဖျားပိုးတွေ့သူ ၄၁ ယောက် ရှိခဲ့သလို တောင်ပေါက်ကျေးရွာမှာလည်း ကျေးရွာသား ၉၆ ယောက်ကို သွေးဖောက် စစ်ဆေးရာမှာ ငှက်ဖျားပိုးတွေ့သူ ၈ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီကွင်းဆင်းစစ်ဆေးမှုကို ကျောက်တော်မြို့နယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team - RRT)၊ မြို့နယ်ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့နဲ့ ရပ်ရွာကျန်းမာရေးဌာနတွေက ဝန်ထမ်းတွေ ပါဝင်ကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ မိုးတွင်းရာသီ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး အဖြစ်များတတ်တဲ့ဒေသ ဖြစ်တာကြောင့် အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ အခမဲ့ ကွင်းဆင်းဆေးကုသပေးတာတွေ၊ ကျန်းမာရေး အသိပညာပေးတာတွေကို ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတယောက်က ပြောပါတယ်။
“ရခိုင်ဒေသက တော၊ တောင် ထူထပ်ပြီး မြစ်၊ ချောင်း၊ အင်းအိုင်တွေ ပေါများတော့ မိုးတွင်းရာသီဆို ငှက်ဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးက အဖြစ်များတဲ့ ဒေသမှာ ပါတယ်။ ကျန်းမာရေးဌာနကတော့ နီးစပ်ရာ မြို့နယ်တွေအလိုက် ပြည်သူ့ကျန်းမာရေးအတွက် အကောင်းဆုံး ကြိုတင်ကာကွယ်တာ၊ ကုသတာနဲ့ ကျန်းမာရေး အသိပညာပေးမှုတွေကို ဆက်တိုက် လုပ်ဆောင်ပေးနေတာ ရှိပါတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၁၁ ခုထက်မနည်းမှာ ဇူလိုင်လ ပထမပတ်နဲ့ ဒုတိယအပတ်အတွင်းမှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် အဲဒီဒေသတွေမှာ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးရောဂါအပြင် အသည်းရောင်အသားဝါ၊ ဝမ်းလျှောဝမ်းပျက်ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက အသိပေးထားပါတယ်။
ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်နေ့တွေက မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှာ သွေးလွန်တုပ်ကွေး ဖြစ်ပြီး နို့တိုက်မိခင် ၂ ယောက် သေဆုံးခဲ့ပါတယ်။










