DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့နယ်က CDM ဆရာဆရာမများကို ပညာရေးမှူးက ဖိအားပေး
DVB
·
May 27, 2021
မိုးကုတ်မြို့နယ်က CDM ဆရာဆရာမများကို ပညာရေးမှူးက ဖိအားပေး
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်က မြို့နယ် ပညာရေးမှူး ဦးရဲမြင့်ရဲ့ ဖိအားပေးမှုကြောင့် CDM လုပ်ဆောင်နေတဲ့ ပညာရေးဝန်ထမ်း ၃၀၀ လောက် Non-CDM ဖြစ်သွားတယ်လို့ မိုးကုတ်မြို့နယ်ပညာရေး ဝန်ထမ်းတွေဆီက သိရပါတယ်။

မိုးကုတ်မြို့နယ်မှာ ပညာရေးဝန်ထမ်း၁၅၀၀ကျော်ရှိကာ မတ်လအထိ CDM လုပ်ဆောင်ခဲ့သူ ၁၂၀၀ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။  ဧပြီလကုန်ပိုင်းမှာတော့ မြို့နယ်ပညာရေးမှူးရဲ့ ဖိနှိပ်မှုကြောင့် Non-CDM ပြန်လုပ်သွားသူ ၃၀၀ လောက်ရှိပြီး အခုအချိန်အထိ CDM ဆက်လက်လုပ်ဆောင်ဆဲ ပညာရေးဝန်ထမ်း ၉၀၀ ကျော် ကျန်သေးတယ်လို့ သိရပါတယ်။

CDM ဝန်ထမ်းတွေကို မြို့နယ်ပညာရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက လိုက်လံဖမ်းဆီးနေပြီး ဖမ်းရမယ့်သူကို မတွေ့ပါက မိသားစုဝင်တွေကို ခေါ်ဆောင်သွားတာတွေလည်း လုပ်နေတာကြောင့် ပညာရေးဝန်ထမ်း တချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ခံ ပညာရေးဝန်ထမ်းတစ်ဦးက "အဓိကလုပ်ရတဲ့အကြောင်းရင်းက ပညာရေးမှူးက ဆရာဆရာမတွေကို ဘယ်ဆရာ ဆရာမက ဘာဆိုတာ ဦးတည်ပြီးမှ လုပ်တာပေါ့၊ အဲ့လိုမျိုး ဖမ်းခိုင်းတဲ့သဘောမျိုးပဲ"လို့ ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီရဲ့ အမိန့်နဲ့ ကျောင်းအုပ်မရှိတဲ့ကျောင်းတွေမှာ လက်ထောက်တွေကို ကျောင်းအုပ်နေရာပေးပြီး ကျောင်းတွေဖွင့်ခိုင်းနေတယ်လို့ သိရပါတယ်။ 

ကျောင်းတွေပြန်ဖွင့်ပေမယ့် ကျောင်းအပ်တဲ့သူ အင်မတန်နည်းပါးတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပညာရေး ဝန်ထမ်းတွေအတွက် နေရာချထားပေးတဲ့ တိုက်ခန်းတွေကနေ CDM လုပ်တဲ့ ဆရာ ဆရာမတွေကို အတင်းအကြပ် ဖယ်ရှားခိုင်းနေပြီး Non-CDM လုပ်မယ်ဆိုရင်တော့ တိုက်ခန်းက မဖယ်ခိုင်းဘူးလို့ သိရပါတယ်။ 

CDM ဆက်လုပ်တာကြောင့် တိုက်ခန်းကနေ ဖယ်ပေးမယ်ဆိုရင်တော့ အဆိုပါ တိုက်ခန်းတွေမှာ Non-CDM ဆရာ၊ဆရာမတွေနဲ့ စစ်ကောင်စီကိုထောက်ခံတဲ့ အခြား ဝန်ထမ်းတွေကို နေရာချထားဖို့လုပ်နေတယ်လို့လည်း သိရပါတယ်။

CDM ဆရာဆရာမတွေဟာ မြို့နယ်ပညာရေးမှူးက ခံဝန်ထိုးခိုင်းတာ‌ကြောင့် ပြီးခဲ့တဲ့ ဧပြီလအတွက် လစာကို ထုတ်ယူခြင်းမရှိကြဘူးလို့ သိရပါတယ်။ 

အဆိုပါ ဝန်ထမ်းတွေကို ယာယီရပ်ဆိုင်းစာလည်း မထုတ်သလို လစာလည်း ထုတ်မပေးဘဲ လစာငွေတွေအတွက်လည်း အကျိုးအကြောင်း ဖြေရှင်းတာ မရှိဘူးလို့လည်း ပညာရေးဝန်ထမ်းဆရာဆရာမတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013