
ရခိုင်ပြည်နယ်၊ ဂွမြို့ကို စစ်အာဏာရှင်တပ်က ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီလောက်မှာ ဗုံးကြဲတဲ့အတွက် ဒေသခံ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရရှိသွားပြီး နေအိမ်တွေပါ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒဏ်ရာရရှိသူကတော့ ဂွမြို့ ကင်းရုံးရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် ဦးကျော်သူ ဖြစ်ပါတယ်။
ဂွမြို့ကို ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီခန့်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတယောက် ဒဏ်ရာရသွားတယ်လို့ ဂွဒေသခံ စစ်ရှောင်အမျိုးသားတယောက်က ပြောပါတယ်။
“မနေ့ကဆိုရင် ဂွမြို့နယ်ဘက်က တောင်တန်းတွေ ရွာတွေကို ကလပ်စတာဗုံးတွေရော ဂျက်နဲ့ရော Y12 နဲ့ပါ ကြဲတယ်။ အခု ဒီနေ့ညနေပိုင်း မြို့ပေါ်ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ထပ်လာကြဲလို့ ကင်းရုံးရပ်ကွက်ကတယောက် ဒဏ်ရာရတယ်။ ကျန်တဲ့ရပ်ကွက်တွေထဲမှာလည်း ကျတယ်။”
စစ်အာဏာရှင်တပ်ဟာ ဂွမြို့နယ်ကို နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်လာတဲ့အတွက် ဒေသခံတွေအကြား အရင်ကထက် စိုးရိမ်နေကြတယ်လို့ ဂွဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“အရင်ကထက် ကြောက်ရတယ်။ နေ့တိုင်းပစ်တယ်။ ပြေးစရာနေရာလည်း ရှာမတွေ့တော့ဘူး။ လုပ်စား ကိုင်စားလို့လည်း မရတော့ဘူး။ တကယ်အဆင်မပြေတော့ဘူး။”
စစ်အာဏာရှင်လေတပ်က ကြဲချခဲ့တဲ့ ဗုံးတွေဟာ မြို့မရပ်ကွက်နဲ့ သိမ်ကုန်းကွက်သစ်၊ ကင်းရုံးရပ်ကွက်က ကြံ့ခိုင်ရေးရုံးကို ကျရောက်ခဲ့တဲ့အတွက် ရုံးနဲ့ နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ဇူလိုင် ၁၃ ရက် ည ၁၀ နာရီခန့်ကလည်း ဂွမြို့နယ်ကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ Y-12 လေယာဉ် အသုံးပြုပြီး တိုက်ခိုက်ခဲ့ကာ ဗုံးအလုံးရေ ၅၀ ကျော်ထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီမတိုင်ခင် ဇူလိုင် ၁၀ ရက်ကလည်း ဂွမြို့နယ်၊ ဓနိအုပ်စုရှိ ကုလားချောင်းကျေးရွာနဲ့ ပေါက်တူးကျေးရွာ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၄ ယောက် သေဆုံးပြီး တယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်းနဲ့ နေအိမ် ၇ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။










