
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ ကလေးငယ်တွေကို လိင်တူဆက်ဆံပြီး ဗီဒီယိုရိုက် ရောင်းစားခဲ့တဲ့ အမျိုးသားတယောက်ကို အင်းစိန်ခရိုင်တရားရုံးက ဇူလိုင် ၂၇ ရက်မှာ အလုပ်နဲ့ ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်ပါတယ်။
အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်မှာနေထိုင်တဲ့ မျိုးမင်းထွန်းဟာ အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်တွေကို ဆန်ချိုအေး (ခေါင်ရည်) နဲ့ မူးယစ်စေတဲ့ဆေးပြားတွေတိုက်ပြီး ကိုယ်တိုင်က ကလေးငယ်တယောက်ကို လိင်တူဆက်ဆံကာ ကျန်ကလေးငယ် ၂ ယောက်ကိုလည်း အချင်းချင်း လိင်တူဆက်ဆံစေခဲ့တယ်လို့ ရဲတပ်ဖွဲ့ကိုကိုးကားပြီး စစ်အာဏာရှင်ပြန်ကြားရေးက ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီလိုလုပ်ဆောင်ပြီး တရားခံ မျိုးမင်းထွန်းဟာ ဗီဒီယိုရိုက်ကူးကာ Telegram ကနေတဆင့် အခကြေးငွေယူပြီး ရောင်းစားခဲ့တဲ့အတွက် အင်းစိန်မြို့မရဲစခန်းမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အောက်က ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်အရေးယူကာ အမှုတခုချင်းစီအတွက် အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ စီ စုစုပေါင်း နှစ် ၄၀ ကျခံဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး အင်းစိန်မြို့နယ်မှာ နေထိုင်သူတယောက်က “တော်တော်အောက်တန်းကျတဲ့ လူစိတ်မရှိတဲ့ကောင် သေဒဏ်ပါပေးပစ်ရမှာ” လို့ DVB ကို မှတ်ချက်ပြုပါတယ်။
ကျူးလွန်ခံရတဲ့ ကလေးငယ်တွေဟာ တရားခံမျိုးမင်းထွန်းနဲ့ သိကျွမ်းသူတွေဖြစ်ပြီး ကျောင်းပိတ်ရက်တွမှာ ရက်ပေါင်း ၂၀ အထိ ညသွားအိပ်ခဲ့ဖူးပြီး အကြိမ်ကြိမ် ကျူးလွန်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။










