DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကရင်ကျေးရွာတွင် ဝက်များဆက်တိုက်သေဆုံးနေ
DVB
·
May 25, 2021
မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကရင်ကျေးရွာတွင် ဝက်များဆက်တိုက်သေဆုံးနေ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ၊ မယ်လမတ်မြို့နယ်ရှိ ကရင်တိုင်းရင်းသားကျေးရွာမှာ အိမ်မွေးဝက်တွေ အကြောင်းမဲ့ဆက်တိုက်သေဆုံးနေတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါ တယ်။ 

မယ်လမတ်မြို့နယ် မဲ့တိန်ကျေးရွာအုပ်စု ဟွေ့ဖာဒမ်ရွာထဲမှာ လွန်ခဲ့တဲ့ ၄၊ ၅ ရက်ကစ ဝက်တွေ နေမကောင်းဖြစ်ပြီး ဆက်တိုက်သေဆုံးသွားတာ ၁၈ ကောင်ရှိပြီဖြစ်ကြောင်း၊ သေသွားတဲ့ ဝက်တွေထဲမှာ အလေးချိန် ၁၂၀ ကီလိုကျော်ရှိ ဝက်ကြီးတွေလည်းပါတယ်လို့  ကရင်ရွာသားတွေက သတင်းထောက်ကို ပြောပါတယ်။ 

သူတို့ဟာ အဆိုပါဝက်တွေကို အိမ်အောက်မှာမွေးထားသလို ခြံဝင်းထဲမှာ ဝက်ခြံဆောက်လုပ်လို့လည်း မွေးမြူကြပြီး ပြီးခဲ့တဲ့ အပတ်ကစ သူတို့ဝက်တွေဟာ အပူကန်သလိုဖြစ်ပြီး အစာမစားတော့ဘဲ စိုထိုင်းတဲ့နေရာတွေမှာ ရွေးပြီးအိပ်ကြောင်း၊ ဒါကြောင့် ဝက်ကိုမကြာမကြာရေ ပက်ပေးရတယ်လို့ ဆိုပါတယ်။ 

အဲဒီဝက်တွေဟာ ညပိုင်းမှာ နေမကောင်းဖြစ်ပြီး မိုးလင်းတဲ့ခါ သေဆုံးနေကြောင်း၊ ဒီလိုတကောင်ပြီးတကောင် သေသွားတာ ၁၈ ကောင်ရှိပြီဖြစ်ပြီး အဲဒီဝက်သားကို ဘယ်သူမှမ စားရဲဘဲ တောထဲမှာသွားမြှုပ်ပစ်ရတယ်လို့ ဆိုပါတယ်။ 

အခုလို ဝက်ကြီးတွေသေကုန်တာကြောင့် ရွာသားတွေရဲ့ တနိုင်တပိုင်စီးပွါးရေး လည်းထိခိုက်ကြောင်း၊ ရွာထဲမှာကျွေးမွေးဧည့်ခံပွဲရှိရင် ယခင်က ဝက်ကောင်လုံးပေါ်လေ့ ရှိပေမယ့် အခုတော့ မြို့ထဲက ဝက်သားသွားဝယ်ရတယ်လို့ ရွာသားတွေက ပြောပါတယ်။ 

မေလ ၂၄ ရက်နေ့မှာတော့ မြို့ပေါ်က တိရိစ္ဆာန်ဆေးကုသအဖွဲ့ ရောက်လာပြီး ကျန်တဲ့ဝက်တွေကို ကာကွယ်ဆေးထိုးတာ၊ ဝက်ခြံတွေကို ပိုးသတ်ဆေးဖျန်းတာတွေ လာလုပ်ပေးပြီး  ဓာတ်ခွဲစစ်ဆေးဖို့အတွက် နေမကောင်းတဲ့ ဝက်တကောင်ကိုလည်း ယူသွားခဲ့တယ်လို့ ဆိုပါတယ်။ 

ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသမှာလည်း ဝက်တွေရော နွားတွေမှာပါ ရောဂါဖြစ်နေလို့ လောလောဆယ် ဝက်သား၊ အမဲသား ရှောင်သင့်ကြောင်း၊ စားမယ်ဆိုရင်လည်း သေချာကျက်အောင်၊ နူးအောင် ပြင်ဆင်ချက်ပြုတ်ပြီးမှ စားသုံးသင့်ကြောင်း တိရိစ္ဆာန်ဆေးကုသရေးဌာနကမှာ ကြားသွားတယ်လို့ ဆိုပါတယ်။ 

ကိုးကား-ChiangmaiNews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013