
ထိုင်းနိုင်ငံတဝန်း ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၉ ယောက်သေဆုံးပြီး ဘန်ကောက်တမြို့ထဲမှာကို လူပေါင်း ၇ သိန်းကျော် ရေဘေးထိခိုက်ခံစားနေရတယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၂၈ ရက် မှာ ပြောကြားပါတယ်။
သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးရေးဌာနရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၆ ရက် ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ဒီရေဘေးကြောင့် နိုင်ငံတဝန်း ခရိုင် ၄၂ ခုအထိ ရေကြီးခဲ့ပြီး လူ ၁ ဒသမ ၈ သန်းအထိ ထိခိုက်ခဲ့ရပါတယ်။
လက်ရှိမှာတော့ မိုးရွာသွန်းမှုနည်းလာပြီဖြစ်ပေမဲ့ ဘန်ကောက်အပါအဝင် ခရိုင် ၂၈ ခု အထူးသဖြင့် ထိုင်းနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ ရေဘေးဒဏ်ကို ဆက်လက်ခံစားနေရဆဲ ဖြစ်ပါတယ်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ ခရိုင် ၂၃ ခုကျော်မှာ ရေကြီးမှုကြောင့် လူ ၁၉ ယောက် သေဆုံးခဲ့ပြီး ကျန်းမာရေးဌာန ၄၉ ခု ထိခိုက်ခဲ့ရပါတယ်။
Thai Enquirer သတင်းဌာနရဲ့ ဖော်ပြချက်အရ သေဆုံးသူအများစုဟာ “ရေနစ်တာနဲ့ လျှပ်စစ် ဓာတ်လိုက်တာ”တွေကြောင့်လို့ ဆိုပါတယ်။
ကျန်းမာရေးစင်တာ ၂၄ ခု ပုံမှန်ဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး ၃ ခုကတော့ တစိတ်တပိုင်း ပိတ်ထားရကာ ၂၂ ခုကတော့ ဝန်ဆောင်မှုတွေကို ယာယီရပ်ဆိုင်းထားရပါတယ်။
အနောက်ဘက်ကို လေဖိအားနည်းရပ်ဝန်း ရွှေ့လျားသွားတာကြောင့် ဘန်ကောက်မှာ မိုးတွေ စတင်ပါးသွားပြီ ဖြစ်ပေမဲ့ မုတ်သုံမိုးကတော့ အထူးသဖြင့် မြို့တော်ရဲ့ အရှေ့ပိုင်းဒေသတွေမှာ ဆက်လက်ရွာသွန်းနေဆဲ ဖြစ်ပါတယ်။
စနေနေ့က ၄၈ နာရီကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တမြို့လုံးရေနစ်မြုပ်ပြီး လမ်းပန်း ဆက်သွယ်ရေးတွေ ရှုပ်ထွေးသွားခဲ့ပြီးနောက် ဘန်ကောက်မြို့တော်ဝန် ချဒ်ချာ့တ် စီတီပန်က မြို့တော်တခုလုံးကို ရေဘေးဒဏ်သင့်ဇုန်အဖြစ် ကြေညာခဲ့ပါတယ်။
မြို့တော်ဝန် ချဒ်ချာ့တ်ရဲ့ ပြောကြားချက်အရ မြို့တော်ရဲ့ ရေကြီးမှုအခြေအနေက ယေဘုယျအားဖြင့် တိုးတက်ကောင်းမွန်လာပြီး မြို့လယ်ခေါင်တွေမှာ ရေတွေ သိသိသာသာ ကျသွားပြီဖြစ်ပါတယ်။
ဒါပေမဲ့ မြို့စွန်နေရာတွေဖြစ်တဲ့ လတ်ခ်ကရာဘန်၊ ဘန်ကပိ၊ ခန်နာယောင်၊ ဆိုင်းမိုင်၊ ဆူဝမ်လွမ်န်၊ ဆဖန်ဆန်နဲ့ လပ်က်ဆီ တို့လို ဒေသတွေမှာတော့ ကြီးမားတဲ့ ရေကြီးရေလျှံမှုတွေ ကျန်ရှိနေဆဲ ဖြစ်ကာ ရေတွေကို လုံးဝစုပ်ထုတ်ဖို့ ၂ ပတ်ကနေ ၃ ပတ်အထိ ကြာနိုင်တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ ပရာဝက်တ် ဘူရီရွမ်နဲ့ လတ်ဖရောင်း အပါအဝင် အဓိကရေနုတ်မြောင်းတွေ ထဲက ရေမျက်နှာပြင်ကို အမြန်ဆုံး ကျဆင်းအောင် လုပ်ဆောင်နေပြီး လမ်းမတွေနဲ့ လူနေရပ်ကွက် တွေထဲက ရေတွေကို ဖယ်ထုတ်ပေးနေပါတယ်။
ရေကြီးမှုတွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက ဘန်ကောက်နဲ့ အနီးတဝိုက်က ခရိုင်တွေဖြစ်တဲ့ နွန်ထဘူရီ၊ ပထုံဌာနီနဲ့ ဆမွတ်ပရာကန်တို့မှာ တနင်္လာနဲ့ အင်္ဂါနေ့တွေကို အထူးအစိုးရရုံးပိတ်ရက် အဖြစ် ကြေညာခဲ့ပါတယ်။
ရေဘေးကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို လျော့ပါးစေဖို့အတွက် အစိုးရရုံးတွေနဲ့ ကျောင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ခေတ္တရပ်ဆိုင်းထားပါတယ်။
ဘန်ကောက်မြို့တော်စည်ပင်သာယာရေးကော်မတီ (BMA) က ကိုယ်တိုင်မထနိုင်တဲ့ လူနာ ၁,၅၀၀ လောက်ကို မြို့တော်ဆေးရုံတွေဆီ ရွှေ့ပြောင်းပေးခဲ့ပြီး လူမှုကွန်ရက်တွေကနေ အကူအညီ တောင်းခံလာတာတွေကိုလည်း စောင့်ကြည့်လုပ်ဆောင်ပေးနေပါတယ်။
ဒါ့အပြင် အသင့်စားအစားအစာတွေ၊ သောက်ရေသန့်တွေ၊ မြေတူး မြေကော်ယာဉ်ကြီးတွေ၊ လှေပြားတွေနဲ့ မိုဘိုင်းမီးဖိုချောင်တွေ အပါအဝင် ကယ်ဆယ်ရေး ပစ္စည်းတွေကိုလည်း တာဝန်ရှိသူတွေက တောင်းခံထားပါတယ်။
Source:Reuters










