ထိုင်းနိုင်ငံတဝန်း စည်းကမ်းဖောက်သည့် ဆေးခြောက်ဆိုင် ၂၄ ဆိုင်ကို လိုင်စင်ပိတ်သိမ်းပြီး ၁၀၅ ဆိုင်ကို ယာယီရပ်ဆိုင်း

ထိုင်းနိုင်ငံတဝန်း စည်းကမ်းချိုးဖောက်တဲ့ ဆေးခြောက်လုပ်ငန်း ၂၄ ခုကို လိုင်စင်အပြီးတိုင် ရုပ်သိမ်းလိုက်ပြီး တခြားလုပ်ငန်း ၁၀၅ ခုကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ထိုင်းတိုင်းရင်းဆေးနဲ့ အစားထိုးဆေးပညာဦးစီးဌာနက နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတဝန်း ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေနဲ့ ပြည်သူတွေရဲ့ တိုင်ကြားချက်တွေအရ စုံစမ်းစစ်ဆေး အရေးယူခဲ့တာဖြစ်ပြီး စာသင်ကျောင်းတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေအနီး ဖွင့်လှစ်ထားတဲ့ ဆေးခြောက်ဆိုင်တွေကိုလည်း ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပိုမိုတိုးမြှင့်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးခြောက်သုံးစွဲမှုကို ဥပဒေဘောင်အတွင်းမှာပဲ ရှိနေစေဖို့၊ ဘေးကင်းပြီး သင့်လျော်တဲ့ ဆေးဘက်ဆိုင်ရာ အသုံးပြုမှုဖြစ်စေဖို့ အလေးထား ဆောင်ရွက်နေသလို ခွင့်ပြုချက်မရှိဘဲ တလွဲအသုံးပြုတာတွေကနေ ပြည်သူ့ကျန်းမာရေးကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီဝန်သနီရတ်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင်လိုင်စင်ရ ဆေးခြောက်လုပ်ငန်း အများဆုံးရှိတဲ့ ဘန်ကောက်မြို့မှာ လုပ်ငန်းပေါင်း ၁,၇၁၀ ရှိတဲ့အနက် ၁,၄၃၇ ခု (၈၄ ဒသမ ၀၄ ရာခိုင်နှုန်း) ကို စစ်ဆေးပြီးစီးခဲ့ကာ ကျန်ရှိနေတဲ့ ဆိုင်တွေကိုလည်း ဆက်လက်စစ်ဆေးသွားဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ပြီးဆုံးခဲ့တဲ့ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အာဏာပိုင်တွေအနေနဲ့ စုစုပေါင်း ၉၅ ကြိမ် ဝင်ရောက်ဖမ်းဆီး သိမ်းဆည်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ ဆေးခြောက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ပီရာချာ ခူကီဆမ်ကစ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒီစစ်ဆင်ရေးတွေကနေ ဆေးခြောက်နဲ့ ဆက်စပ်ပစ္စည်း စုစုပေါင်း ၁၀,၅၈၄ ဒသမ ၉ ကီလိုဂရမ် (၁၀ တန်ကျော်)၊ ခန့်မှန်းတန်ဖိုး ဘတ် ၂၂၃ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ သန်းခန့်) ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးတရားစွဲဆိုမှု ၇၀ မှု၊ လိုင်စင် ယာယီရပ်ဆိုင်းမှု ၁၀၅ ခုနဲ့ လိုင်စင် အပြီးတိုင် ရုပ်သိမ်းမှု ၂၄ ခု ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဆေးခြောက်ရောင်းချတာနဲ့ ထုတ်လုပ်ပြုပြင်တာတွေ လိုင်စင်စည်းကမ်းနဲ့ ညီညွတ်မှု ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးမှုတွေ တိုးချဲ့သွားမှာဖြစ်သလို စာသင်ကျောင်းအနီးရှိ ဆိုင်တွေကို အထူးအာရုံစိုက် စောင့်ကြည့်ပြီး ပြည်သူတွေရဲ့ တိုင်ကြားချက်တွေကို အမြန်ဆုံး တုံ့ပြန်အရေးယူသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
Source:khaosodenglish











