
နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ ကျန်းမာကြစေဖို့နဲ့ ပြည်သူတွေ ရှိနေသရွေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီလည်း တည်ရှိနေမှာဖြစ်တယ်လို့ ဒီနေ့ရုံးထုတ်မှာ ပြောကြားခဲ့ကြောင်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။
စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေအပါအဝင် ပုဒ်မတွေတပ်ပြီး တရားစွဲထားကာ အွန်လိုင်းမှတဆင့် ရုံးထုတ်စစ်ဆေးနေခဲ့ရာက ဒီကနေ့ မေလ ၂၄ ရက်မှာတော့ ပထမဆုံးအကြိမ် လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးခဲ့တာပါ။
အခုရုံးချိန်းကို မူလက နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်တည်ရှိရာ မြနန်းဘုံသာလမ်း အနီးမှာ သီးသန့်တရားရုံးဖွင့်လှစ်ပြီး ဆောင်ရွက်ဖို့ စီစဉ်ခဲ့ပေမဲ့ တကယ်တမ်းရုံးထုတ်ချိန် မှာတော့ နေပြည်တော်ကောင်စီဝင်းအတွင်းက ခြံတစ်ခုအတွင်းရှိ အဆောက်အအုံတစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။
အခုရုံးချိန်းအတွင်းမှာ စစ်မေးမှုတွေ ပြုလုပ်ခဲ့ခြင်းမရှိဘဲ အမှုသည်နဲ့ ရှေ့နေ သီးသန့်ညွှန်ကြားမှုတွေသာ ပြုလုပ်ခဲ့ရတာဖြစ်တယ်လို့လည်း ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
"အမေက ပြည်သူတွေကို အရင်ဆုံး အမေပြောတာက အားလုံးကျန်းမာစေဖို့အတွက် ဆုတောင်းပေးနေပါတယ်။ ပြီးတော့ အန်အယ်လ်ဒီပါတီကိုထောင်ထားတာလည်း ပြည်သူတွေ အတွက် ထောင်ထားတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမှာပါလို့ အမေက အဲ့လိုမှာပါတယ်ရှင့်" လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အန်အယ်လ်ဒီပါတီ ကို ဖျက်သိမ်းဖို့ လုပ်ဆောင်မယ်လို့ထုတ်ဖော်ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီပါတီဟာ လူထုက ပေါက်ဖွားလာတဲ့ ပါတီဖြစ်တဲ့အတွက် ပြည်သူတွေရှိနေသရွေ့ အန်အယ်လ်ဒီပါတီလည်း ရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ဦးလုံးကို ရုံးထုတ်စစ်ဆေးခဲ့တာ ဖြစ်ပြီး နောက်တစ်ကြိမ်ရုံးချိန်းကိုတော့ လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ပြုလုပ်ဖို့ရှိပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးထဲက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားခဲ့တာဖြစ်သလို နိုင်ငံတော်သမ္မတဦးဝင်းမြင့် အပါအဝင် အခြား အန်အယ်လ်ဒီခေါင်းဆောင်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေလည်း ဖမ်းဆီး ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။