DVB Logo
Home
မြန်မာသတင်း
စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်အာဏာရှင်တပ်ကို နိုင်ငံတကာက အရေးယူရန် Fortify Rights တောင်းဆို
DVB
·
June 9, 2026
၂၀၂၆ ခု မတ် ၅ ရက်က စစ်အာဏာရှင်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် ရေတွင်းကုန်း ဒေသခံများ။ (Photo: KNU)
၂၀၂၆ ခု မတ် ၅ ရက်က စစ်အာဏာရှင်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် ရေတွင်းကုန်း ဒေသခံများ။ (Photo: KNU)
Donate to DVB

အရပ်သားတွေအပေါ် အစုအပြုံလိုက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ မြန်မာနိုင်ငံက စစ်အာဏာရှင်အစိုးရကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့ အရေးယူ အပြစ်ပေးမှုတွေ လုပ်ဆောင်ကြဖို့ လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ဇွန် ၉ ရက် ဒီနေ့ ထုတ်ပြန် တောင်းဆိုပါတယ်။

မတ် ၅ ရက်က ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတွင်းကုန်းကျေးရွာမှာ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ၂၈ ယောက် သေဆုံးခဲ့ရတဲ့ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကို ဒီအဖွဲ့က ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပြီးနောက် အခုလို တောင်းဆိုလိုက်တာပါ။

ပဲခူးတိုင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတယ်လို့ ယူဆရတဲ့ ဒေသမှာ ရှိတဲ့ အရပ်သားပြည်သူတွေကို အကြောက်တရား လွှမ်းမိုးအောင် လုပ်ဆောင်နေတဲ့ စစ်အုပ်စုရဲ့ စဉ်ဆက်မပြတ်ကျင့်သုံးနေတဲ့ မဟာဗျူဟာကို ထင်ထင်ရှားရှား ပြသလိုက်တာလို့ Fortify Rights ဒါရိုက်တာ  ဂျွန်ကွင်လေ က ပြောပါတယ်။

“ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ စစ်အုပ်စုက အရပ်သားနဲ့ စစ်သား ခွဲခြားမှုပြုလုပ်ခြင်း မရှိခဲ့တာတွေအပြင် အရပ်သားများကို အကာအကွယ်ပေးဖို့ လုပ်ဆောင်သင့်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဘာမှလုပ်ဆောင်ခဲ့တာ မရှိတာကို တွေ့ရှိခဲ့ရပါတယ်။ အရပ်သား ပြည်သူတွေ ခိုလှုံနေကြတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်တာက စစ်ရေးပစ်မှတ်အရ ကျူးလွန်တာလို့ ဘယ်လိုမှ သတ်မှတ်လို့ မရပါဘူး။ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေကို သတ်ဖြတ်ခဲ့တာတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ပြီး ဒီလုပ်ရပ်တွေဟာ နိုင်ငံတကာက အရေးယူ တာဝန်ခံမှု ရှိလာရေး ဘယ်လောက်အထိ အရေးတကြီး လိုအပ်နေပြီလဲ ဆိုတာကို ပိုမိုထင်ရှားစေပါတယ်။”

ဒီအဖွဲ့က ရေတွင်းကုန်းရွာဖြစ်စဉ်အတွင်း ရှင်သန်လွတ်မြောက်လာသူတွေကို ကွင်းဆင်း တွေ့ဆုံမေးမြန်းပြီးနောက် အချက်အလက်များ တိုက်ဆိုင်စစ်ဆေးကာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ အရပ်သားတွေရဲ့ အလောင်းတွေကို မြေကျင်းကြီးတွေတူးကာ အစုအပြုံလိုက် မြှုပ်နှံမှုကို စစ်အာဏာရှင်တပ်က တခြားအရပ်သားတွေကို စေခိုင်းခဲ့တယ်လို့ ကိုယ်တွေ့ကြုံခဲ့ရပြီး ရှင်သန်လွတ်မြောက်လာသူတချို့ကလည်း ပြောပါတယ်။

စစ်အာဏာရှင်တပ် အဖမ်းခံခဲ့ရပေမဲ့ လွတ်မြောက်ခဲ့သူ ကျောင်းကုန်းရွာသားတယောက်က မတ် ၆ ရက်မှာ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားတွေကို ကူညီမြှုပ်နှံပေးခဲ့ရတယ်လို့ ပြောပါတယ်။

“စစ်သားတွေက ကျနော်တို့ကို ကျင်းတူးဖို့ အချိန် ၂ နာရီပဲ ပေးလို့ (ဘုန်းကြီးကျောင်းထဲကနေ) ရုပ်အလောင်းတွေကို အမြန်သယ်ခဲ့ကြရတာ။ ကျနော်ကတော့ အလောင်းတွေကို ပခုံးပေါ်ထမ်းပြီး မြေမြှုပ် ကျင်းထဲအထိ သယ်သွားပေးခဲ့တယ်။ သူတို့က (အမျိုးသားတွေကို) အတန်းလိုက်စီထားပြီး ကလေးတွေကိုတော့ အမျိုးသမီးတွေရဲ့ ခြေထောက်ပေါ်မှာ တင်ပေးထားတာ။ အဲဒီလိုနဲ့ပဲ အကုန်လုံးကို စုပြီးမြှုပ်ခဲ့ကြရတာ။”

မတ် ၅ ရက် လေကြောင်းတိုက်ခိုက်မှုအတွင်း အသက်မသေခဲ့ပေမဲ့ စစ်အာဏာရှင်တပ်ရဲ့ ဆက်လက်ဖမ်းဆီးခံရတဲ့ ရွာသားတွေကို နောက်ပိုင်း မတ် ၇ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ရဲ့ လက်အောက်ခံတပ်တွေက ပူးပေါင်း ကယ်တင်ခဲ့ရပါတယ်။

စစ်ရာဇဝတ်မှုမြောက်နိုင်တဲ့ ဒီကျူးလွန်မှုကို စစ်အာဏာရှင်တပ်၊ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၂၀၊ ခမရ ၃၄၉ နဲ့ ခလရ ၂၆၄ တပ်တွေက အရပ်သားတွေကို ဖမ်းဆီးပြီး လေကြောင်း ဗုံးကြဲသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီး သေဆုံးခဲ့ပြီး စစ်အာဏာရှင်တပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သားဖြစ်သူ သေဆုံးခဲ့ရတဲ့ ရှင်သန်လွတ်မြောက်လာသူ အမျိုးသားတယောက်က “ကျနော့်သားက ၁၄ နှစ်ပဲ ရှိပါသေးတယ်။ သူက ကြောက်ပြီး ထွက်ပြေးတာကို သူတို့က သေနတ်နဲ့ လှမ်းပစ်လိုက်ကြတာ” လို့ ပြောပြကြောင်း Fortify Rights က ဖော်ပြပါတယ်။

Fortify Rights အဖွဲ့ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို ပြုစုမှတ်တမ်းတင်နေတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတခု ဖြစ်ပါတယ်။

မြန်မာပဋိပက္ခကို စောင့်ကြည့်လေ့လာနေတဲ့ ISP မြန်မာသုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးကတည်းက ၂၀၂၅ နှစ်ကုန်အထိ နိုင်ငံတဝန်းမှာ အရပ်သား ၁၀ ယောက်နဲ့အထက် အစုအပြုံလိုက် သေဆုံးမှု ဖြစ်စဉ်ပေါင်း ၉၇ ခုထက်မနည်း ရှိခဲ့ပြီး အရပ်သား ၆၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013