
တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်အရှိန်ကို ကူညီကာကွယ်ဖို့အတွက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ထဲက ပြည်သူ့စစ်အသစ်တွေကို စစ်အာဏာရှင်တပ်က စစ်လက်နက်တွေ ထုတ်ပေး ခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ရွှေသောင်ယံမြို့ ရပ်ကွက်နဲ့ ကျေးရွာတွေထဲက အသစ်ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ် အယောက် ၁၂၀ ကျော်ကို စစ်တပ်က ပုသိမ်မှာ ဇူလိုင် ၈ ရက်က သေနတ်တွေ ထုတ်ပေးခဲ့ပြီး၊ ရခိုင်ရိုးမအစပ်က ရွှေသောင်ယံ၊ ဘောမိ၊ မကျီးစင်စတဲ့ ဒေသတွေရဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို အဓိက တာဝန် ပေးထားတယ်လို့ သိရပါတယ်။
ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတစ်ယောက်က "ဒေသကို ကာကွယ် ပြီး ထူးခြားဖြစ်စဉ်တွေကို သတင်းပေးပို့ရမယ်။ အရေးကြီးလာရင် အရေးကြီးသလို ခုခံကာကွယ် ထားဖို့ လက်နက်တွေ ထုတ်ပေးတာပါ။ အသစ်ဖွဲ့ထားတဲ့ ပြည်သူ့စစ်တွေချည်းပဲ ထုတ်ပေးတာ" လို့ ပြောပါတယ်။
အခု လက်နက်ထုတ်ပေးခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့သစ်ဆိုသူတွေထဲမှာ တပ်ထောက်ခံသူတွေ၊ ကြံ့ခိုင်ရေး ပါတီဝင်တွေ၊ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မိသားစုတွေနဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သင့်လျော်တယ်လို့ ရွေးချယ်ပေးခဲ့တဲ့သူတွေလို့ သိရပါတယ်။
ရွှေသောင်ယံ ဒေသခံစစ်ရေးသတင်းရင်းမြစ်က"ရွှေသောင်ယံဘက်ကို စစ်တပ်က စစ်ရေယာဉ်တွေ၊ စစ်ကားတွေနဲ့ ကုန်းလမ်း၊ ရေလမ်း အင်အားဖြည့်နေတယ်။ အချိန်မရွေး တိုက်ပွဲတွေ ရှိလာ နိုင်တယ်။ AA နဲ့ မိတ်ဖက်တပ်တွေကလည်း ဧရာဝတီတိုင်းဘက် ဝင်ဖို့ ထိုးစစ်အရှိန်မြှင့် နေတယ်" လို့ ပြောပါတယ်။
စစ်တပ်က သေနတ်ထုတ်ပေးခဲ့တဲ့ ပြည်သူ့စစ် အယောက် ၁၂၀ ကျော်ဟာ ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နပခ) မှာ စစ်သင်တန်း၊ လက်နက်ကိုင်တွယ်တပ်ဆင် အသုံးပြုရေးသင်တန်း ၃ လကျော် ပို့ချသင်တန်းပေးထားတဲ့သူတွေလို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလက ရွှေသောင်ယံမြို့၊ မကျီးဇင်နဲ့ ဘောမိ၊ ချောင်းဖျားရွာတွေဘက်မှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။










