
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ ရေဘေးဒုက္ခသည်မျိုးသား ၂ ယောက်ကို စစ်အာဏာရှင်တပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဖွဲ့ဝင်တွေဆိုပြီး စွပ်စွဲဖမ်းဖမ်းဆီး သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၁၂ ရက် ည ၇ နာရီခန့်က လေးမျက်နှာမြို့နယ်၊ အောင်ဇံ ကွင်းကျေးရွာမှာရောက်နေတဲ့ ရေဘေးဒုက္ခသည် အမျိုးသား ၂ ယောက်ကို စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၉ ယောက် လောက်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့သူတယောက်က “အောင်ဇံကွင်းရွာက မိသားစုတွေဆီရောက်နေတဲ့ ရေဘေးဒုက္ခသည် အမျိုးသား ၂ ယောက်ကို ဖမ်းသွားတာ။ အိမ်ထဲမှာလာဖမ်းသွားတာ။ ပြည်သူ့စစ်တွေနဲ့စစ်တပ်က ဖမ်းသွားတာ” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ရေဘေးဒုက္ခသည် ၂ ယောက်ဟာ အသက် ၅၀ ကျော်အရွယ် ဦးလှထွန်းနဲ့ အသက် ၂၀ ကျော်အရွယ် ကိုလပြည့်တို့ သားအဖဖြစ်ပြီး အရပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက “ရေဘေးဒုက္ခသည်တွေ အဖမ်းခံရတယ်လို့တော့ သိရတယ်။ ဘယ်မှာဖမ်းထားလဲတော့မသိဘူး။ အရပ်သားတွေကို အခုလိုဖမ်းပြီး PDF အလင်းဝင်တယ်လို့ ဆိုပြီး ထုတ်ပြန်တာတွေရှိနေတယ်” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ ရေဘေးဒုက္ခသည် ၂ ယောက်ဟာ သြဂုတ် ၁ ရက်က လေးမျက်နှာမြို့နယ်၊ အောင်ဇံကွင်းရွာကို ရောက်ရှိနေတာဖြစ်ပြီး ကြိုးနဲ့တုပ်ဖမ်းဆီးသွားကာ သြဂုတ် ၁၄ ရက် နေ့လယ်ပိုင်းအထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ ဆိုပါတယ်။











