
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ တဖက်ကမ်းရှိ ပေါက်တောမြို့နယ် ငပြီကျွန်းကို စစ်အာဏာရှင်တပ်က လေကြောင်းပစ်ကူပေးပြီး အောက်တိုဘာ ၇ ရက်မှာ ကမ်းတက်နိုင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ စစ်တွေမြို့ ရွှေမင်းဂံရေတပ်နဲ့ တမိုင်ကျော်သာ ကွာဝေးတဲ့ င/ပြီကျွန်းကို စစ်အာဏာရှင်တပ်က လေကြောင်းပစ်ကူနဲ့ ရွှေမင်းဂံရေတပ်က လက်နက်ကြီး ပစ်ကူတွေပေးပြီး ရေကြောင်းကနေ ကမ်းတက်ဖို့ ကြိုးပမ်းနေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ရွှေမင်းဂံရေတပ်နဲ့ ရှေ့ဆိုင် ၁ မိုင်ကျော်လောက်ပဲ ဝေးတဲ့ ငပြီကျွန်း စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူပေးပြီး ကမ်းတက်နိုင်ဖို့ ကြိုးပမ်းနေခဲ့တာ ရှိတယ်။ AA ဘက်ကလည်း ပေါက်တောနဲ့ ပုဏ္ဏားကျွန်းဘက်ကနေ ပစ်ကူပေးပြီး ခုခံခဲ့တာကြောင့် ရေတပ်သင်္ဘောတွေ ကမ်းအနီး မကပ်နိုင်ဘဲ ပြန်ဆုတ်သွားတယ်။ မနေ့က တနေ့လည်း င/ပြီကျွန်းက ရွာတွေနဲ့ ပေါက်တောနယ် ကြိမ်ခွေမော်ရွာအနီးက တောင်တန်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိတယ်။ စစ်တွေဘက်မှာတော့ နှစ်ဖက်တိုက်ပွဲတွေက အတော်လေးကို ပြင်းထန်နေကြတာ။”
စစ်အာဏာရှင်တပ်က ကမ်းတက်တိုက်ပွဲဖော်ဖို့ ကြိုးကမ်းခဲ့တဲ့ ငပြီကျွန်းဟာ စစ်တွေမြို့နဲ့အနီး ကမ်းကျွန်းဖြစ်ပြီး ကုလားတန်မြစ်ဝပေါ်မှာ တည်ရှိနေတဲ့ ပေါ်ကျွန်းဖြစ်ကာ ကျေးရွာ ၃ ရွာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။
ဒေသခံတွေဟာ ၂၀၂၃ ခုနှစ်ကတည်းက စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်လို့ လက်ရှိ တိုက်ပွဲဒေသဟာ ၂၀၂၄ ခုနှစ်ကတည်းက စစ်မြေပြင် ဖြစ်နေတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်ကလည်း ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာကို ကမ်းတက်နိုင်ဖို့ ကြိုးပမ်းခဲ့ဖူးပြီး အာရက္ခတပ်တော်ဘက်က လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် စစ်သင်္ဘောတွေဟာ ကမ်းမတက်နိုင်ခဲ့ဘဲ ပင်လယ်ဝကို ပြန်ဆုတ်ခဲ့ရတာ လည်း ဖြစ်ပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ်အတွင်း အမြင့်ကျွန်းနဲ့ ဝါဘိုကျေးရွာအနီးတွေမှာလည်း နှစ်ဖက်တိုက်ပွဲတွေ အောက်တိုဘာ ၆ ရက်ကတည်းက ပြန်လည်ပြင်းထန်နေကြပြီး စစ်အာဏာရှင်တပ်ဘက်က ဆက်တိုက် အင်အားဖြည့်တင်းပြီး တိုက်ခိုက်နေတယ်လို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တွေမြို့နယ်တွင်း လက်နက်ကြီး ပစ်ခတ်သံတွေ၊ ဂျက်ဖိုက်တာတွေက ဗုံးကြဲတာတွေ ဆက်တိုက် ကြားနေတယ်လို့လည်း စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဒီရက်ပိုင်း လက်နက်ကြီးသံတွေ၊ လေယာဉ်နဲ့ ဗုံးကြဲသံတွေ နေ့တိုင်း ပြန်ကြားလာရတယ်။ မနေ့ကဆို တနေ့လုံး ကြဲတာ။ အသံတွေကတော့ ရွှေမင်းဂံတပ်ဘက်ကနေ ကြားရတာ။ ဘယ်နေရာမှာ တိုက်ပွဲဖြစ်တယ် ဆိုတာတော့ မြို့တွင်းကလူတွေ သိပ်မသိကြဘူး။”
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်က ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တို့ကို တပြိုင်နက်တည်း ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ၄၉၂၆ စစ်ဆင်ရေး စစ်ဦးကျိုးပြီး အထိနာခဲ့တာ ကြောင့် အင်အားထပ်မံဖြည့်တင်းပြီး ပေါက်တောမြို့နယ်ကို ကမ်းတက်ဖို့ ထပ်မံ ကြိုးပမ်းလာ နေတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်ရရှိနိုင်ဖို့ ကြိုးပမ်းလာနေသလို စစ်ရေးနဲ့ မသက်ဆိုင်တဲ့ မြို့နယ်တွေကိုလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ နေ့တိုင်းပြုလုပ်ပြီး စစ်ရေးအရ ဖိအားပေးမှုတွေ ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။











