DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းငွေကြေးဝန်ဆောင်မှုစနစ် ပုံမှန်ပြန်ဖြစ်ရန် ဗဟိုဘဏ်၏ ငွေသားထုတ်ပေးနိုင်မှု အပေါ်မူတည်
DVB
·
May 17, 2021
အွန်လိုင်းငွေကြေးဝန်ဆောင်မှုစနစ် ပုံမှန်ပြန်ဖြစ်ရန် ဗဟိုဘဏ်၏ ငွေသားထုတ်ပေးနိုင်မှု အပေါ်မူတည်
Donate to DVB

လက်ရှိ မြန်မာနိုင်ငံမှာ အွန်လိုင်းငွေကြေးဝန်ဆောင်မှုစနစ်တွေရပ်ဆိုင်းကုန်ပြီး ပြည်သူတွေ ဝန်ဆောင်ခ အဆမတန်ပေးနေရတာဟာ ဗဟိုဘဏ်က ငွေသားထုတ်ပေးနိုင်တဲ့ အခြေအနေအပေါ်မှာမူတည်တယ်လို့ Wave Money Call Center ကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘဏ်တွေက ငွေသားထုတ်ယူတာကို အကန့်အသတ်နဲ့ပဲ ခွင့်ပြုနေတဲ့အတွက် ပြည်သူတွေကြားထဲမှာ ငွေသား ပြတ်လတ်တဲ့အခက်အခဲနဲ့ရင်ဆိုင်နေရတာပါ။ 

Wave Money, Kpay,True Money တို့လို အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကလည်း မိုဘိုင်းအင်တာနက်တွေဖြတ်တောက်ခံထားရတာန့ ဈေးကွက်ထဲမှာ ငွေသားရှားပါးတာကြောင့် လုပ်ငန်းပုံမှန်မလည်ပတ်နိုင်တော့ဘဲ မေလဆန်းကစပြီး နယ်မြို့တွေမှာ လုပ်ငန်းတွေရပ်ဆိုင်းကုန်ပါတယ်။

လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့က ဗဟိုဘဏ်က ငွေသားထုတ်ပေးနိုင်တဲ့အခြေအနေပေါ်မှာ မူတည်တယ်လို့ Wave Money Call Center တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ငွေလည်ပတ်အောင် ခဏစောင့်ပေးမှရမယ်။ ဗဟိုဘဏ်ဘက်က ငွေမထုတ်ပေးနိုင်သေးလို့ပါ။ ညီမတို့ဘက်ကနေ နယ်တွေကို ငွေမပို့ပေးနိုင်သေးလို့ပါ။ ဝန်ဆောင်ခပိုတောင်းတဲ့ဆိုင်တွေကို တိုင်ပါ။ ဝန်ဆောင်ကခ အခမဲ့။ အခုလည်း ဒီအတိုင်းပါပဲ။ သူတို့ဘာသာတိုးတောင်းနေတာမို့လို့ တိုင်လို့ရပါတယ်။ ငွေရဖို့ ဗဟိုဘဏ်ပေါ်မူတည်နေတာ ညီမတို့ ခန့်မှန်းလို့မရဘူး” ။

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို အသုံးပြုပြီး အကောင့်အချင်းချင်း ငွေလွှဲလို့ရပေမယ့် ငွေသားထုတ်ယူမယ်ဆိုရင်တော့ ငွေကျပ်တစ်သိန်းကို ငွေကျပ် ၈၀၀၀ မှ ၁၀၀၀၀ ကျော်အထိ  ဝန်ဆောင်ခပေးပြီးထုတ်ယူနေရပါတယ်

ဘဏ်အကောင့်၊ အွန်လိုင်းငွေကြေး ဝန်ဆောင်မှုအကောင့်တွေထဲက ငွေတွေနဲ့ ပြင်ပငွေသားလဲလှယ်တဲ့ နှုန်းထားဈေးကွက်တစ်ခုပါဖြစ်ပေါ်နေပြီး ငွေသားလိုအပ်တဲ့ ပြည်သူတွေမှာ နစ်နာဆုံးရှုံးမှုကြီးမားနေပါတယ်။

အွန်လိုင်းငွေကြေးဝန်ဆောင်မှုအသုံးပြုသူတစ်ဦးက “ဝန်ဆောင်ခအပြင် တစ်သိန်းကို ၁၀ ရာခိုင်နှုန်း ၁၂ ရာခိုင်နှုန်းပေါင်းပေးနေရတယ်။ရေရှည်ဆို အဆင်မပြေနိုင်ဘူး။” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်တွေအပေါ် ယုံကြည်မှုမရှိတော့တဲ့အတွက် ပြည်သူတွေက ပိုင်ဆိုင်တဲ့ငွေတွေကို ရသလောက်ထုတ်ယူနေကြတာပါ။ စီးပွားရေးပညာရှင်တချိုကတော့ ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေဟာ မပြိုလဲသေးပေမယ့် ပြည်သူမယုံကြည်တော့တဲ့အတွက် ဘဏ်စနစ်ကတော့ပြိုလဲသွားပြီလို့ သုံးသပ်ကြပါ တယ်။

မြန်မာ့စီးပွားရေးကဏ္ဍဟာ ကိုဗစ်-၁၉ကြောင့် အချိန်တစ်နှစ်ကျော်ယိုင်နဲ့ခဲ့တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်နေရတုန်းမှာ စစ်အာဏာသိမ်းလိုက်တဲ့အတွက် အများကြီးရုန်းကန်ရတော့မယ့် အခြေအနေဖြစ်တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်  ဒေါက်တာခင်နိုင်ဦး က ခန့်မှန်းပါတယ်။

“အားလုံးကတော့ကြိုးစားနေကြရမှာပဲ။ ကိုဗစ်ကလည်း တစ်နှစ်ရှိခဲ့တာကိုး အဲ့ဒီအကျိုးဆက်တွေ။ အခုလည်းစီးပွားရေးလုပ်ငန်းတချို့ပဲလုပ်လို့ရတယ်။ တချို့လုပ်ငန်းတွေလုပ်လို့မရတဲ့ အချက်တွေရှိတဲ့ အတွက်ကြောင့် ရုန်းကန်လှုပ်ရှားရမှာပေါ့။ ကမ္ဘာကြီးတစ်ခုလုံးလည်း ဒီလိုပဲခက်ခဲနေကြတာကိုး”။

အကြမ်းဖက်စစ်ကောင်စီကတော့ ဘဏ်လုပ်ငန်းတွေ ပုံမှန်ပြန် ရပ်တည်နိုင်အောင် နည်းမျိုးစုံနဲ့ကြိုးစားနေပါတယ်။

ပြည်သူတွေအနေနဲ့ ဘဏ်ထဲကငွေတွေ အမြောက်အများထုတ်ယူပြီး လက်ထဲမှာထားတာဟာ နိုင်ငံတော် တည်ငြိမ်မှုကိုပျက်ပြားအောင်လုပ်တဲ့သဘောသက်ရောက်တဲ့အတွက် တရားစွဲလို့ ရတယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးဝင်းသော်က ပြည်သူတွေကို ခြိမ်းခြောက်ပြောဆို ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013